ကျုံပျော်မြို့နယ် ထွေအုပ်ရုံးအတွင်း ဗုံးပေါက်

ကျုံပျော်မြို့နယ် ထွေအုပ်ရုံးအတွင်း ဗုံးပေါက်

စက်တင်ဘာ ၂၆

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်း အတွင်းတွင် ယနေ့ စက်တင်ဘာ ၂၆ရက် နေ့လည် ၁၁နာရီခန့်က ဗုံးတစ်လုံးပေါက်ကွဲသည်။

ကျုံပျော်မြို့ ရုံးကြီးဝန်းအတွင်း ကျုံပျော်စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့က ဗုံးဖောက်ခွဲလိုက်ခြင်း ဖြစ်သည်ဟု ၎င်းတို့အဖွဲ့က ချက်ချင်းဆိုသလို အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်တင်၍ သတင်းထုတ်ပြန်သည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိ ကြောင်း သိရပြီး "ကျုံပျော်မြို့နယ်အတွင်း နေထိုင်တဲ့ စစ်ကောင်စီလက်ပါးစေတွေကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာပါ"ဟု ကျုံပျော်စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

“အသံဗုံးပါ။ လူထိခိုက်တာမရှိဘူး။ ဘာမှဖြစ်မသွားပါဘူး။ ရုံးဝန်းထဲမှာပေါက်တာ၊ အုတ်တံတိုင်းဘေးနားမှာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်များက မြို့အဝင်အထွက်လမ်းများကို ပိတ်ဆို့ စစ်ဆေးနေ‌ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly