စဉ့်ကူးမြို့နယ်က ကျေးရွာ ၃ ရွာကို တပ်ပိုင်မြေဟုဆိုကာ စစ်တပ်က ဖယ်ရှားခိုင်း၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

စဉ့်ကူးမြို့နယ်က ကျေးရွာ ၃ ရွာကို တပ်ပိုင်မြေဟုဆိုကာ စစ်တပ်က ဖယ်ရှားခိုင်း၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ရှိ ကျေးရွာသုံးရွာမှ ဒေသခံများကို တပ်ပိုင်မြေပေါ်တွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ အာဏာသိမ်း စစ်ကောင်စီတပ်က သုံးရက်အတွင်း နေအိမ်ဖျက်သိမ်းပြီး ထွက်ခွာရန် ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်းသိရသည်။

ယင်းကျေးရွာသုံးရွာမှာ ရေထွက်ကြီးကျေးရွာ၊ ငွေတောင်ကျေးရွာနှင့် ညောင်ဝန်းရွာတို့ဖြစ်ပြီး သုံးရက်အတွင်း မဖယ်ရှားသည့် နေအိမ်များကို မီးရှို့မည်ဟု စစ်ကောင်စီတပ်က စက်တင်ဘာ ၂၄ ရက်တွင် လာရောက် ဖိအားပေးခြိမ်းခြောက်သွားကြောင်း ဒေသခံများက ဆိုသည်။

“တကယ်လို့ သုံးရက်အတွင်းမှာ မဖျက်ဘူးဆိုရင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်။ ဘူဒိုဇာနဲ့ထိုးမယ်တဲ့။ မနေ့က ဦးဆောင်ပြီးလာတာက ဗိုလ်မှူးဇော်ဝင်းနိုင်အမှတ် (၁၂၁) ထောက်ပို့တပ်ကပါ။ သူဦးဆောင်ပြီး ကားသုံးစီးနဲ့ လာပြောတာ” ဟု ရေထွက်ကြီးကျေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကားသုံးစီးနှင့်အတူ ခန့်မှန်းခြေအင်အား ၃၀ ကျော်ပါဝင်သည့် အာဏာသိမ်း စစ်ကောင်စီတပ်သားများက နေအိမ်များကို ဖျက်သိမ်းပေးရန် ကျေးရွာသို့ လာရောက်ပြောဆိုရာတွင် ရွာဝင်ဆိုင်းဘုတ်နှင့် အိမ်ခြံစည်းရိုးများကို ရိုက်ချိုးဖျက်ဆီးခဲ့သည်။

စဉ့်ကူးမြို့နယ် တောင်ဘက်ခြမ်းတွင် တည်ရှိသော ရေထွက်ကြီးကျေးရွာတွင် အိမ်ထောင်စု ၄၀ ကျော်၊ လူဦးရေ ၂၀၀ ကျော်နေထိုင်ပြီး ငွေတောင်ကျေးရွာ နှင့် ညောင်ဝန်းကျေးရွာ နှစ်ရွာပေါင်း အိမ်ခြေ ၁၀၀ ကျော်နှင့် လူဦးရေ ၆၀၀ ကျော်ရှိသည်။

လက်ရှိတွင် ထိုကျေးရွာများက ဒေသခံများသည် အာဏာသိမ်း စစ်တပ်၏ ဖိအားပေး ခြိမ်းခြောက်မှုကြောင့် ရွာလုံးကျွတ် နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“အိမ်တော့ဖျက်မပေးဘူး။ ကျွန်တော်တို့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်။ ကျေးရွာမှာ တစ်ယောက်မှ မရှိတော့ဘူး။ အခုက မိုးတွင်းကာလလည်း ဖြစ်နေတော့ ကျန်းမာရေးနဲ့ စားဝတ်နေရေးပူ‌နေရတယ်။ ကျွန်တော်တို့ လူပဲ ထွက်ပြေးလာရတာဆိုတော့ ဘာမှသိပ်ယူဆောင်လာတာမရှိဘူး။ အဲဒါတော့ နည်းနည်းအခက်အခဲဖြစ်တာပေါ့။ ဘဝက အခုမှ ပြန်စရမှာဆိုတော့” ဟု ကျေးရွာဒေသခံတစ်ဦး ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်က ဖိအားပေး ခြိမ်းခြောက် ဖယ်ရှားခိုင်းသည့် ကျေးရွာသုံးရွာသည် ပြီးခဲ့သည့် စစ်အစိုးရလက်ထက်က မန္တလေးမြို့ အမှတ် (၁၂၁) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်က တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့သည့် မြေနေရာများဖြစ်သည်။

ယင်းနောက် ဒေသခံများက စစ်တပ်၏ မတရားသိမ်းယူခံထားရသော ၎င်းတို့၏ဘိုးဘွားပိုင်မြေပေါ်တွင် ပြန်လည် ဝင်ရောက်နေထိုင်ခဲ့ကြရာ လက်ရှိတွင် ဆယ်နှစ်‌ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ထိုစဉ်က ငွေတောင်ကျေးရွာ နှင့် ညောင်ဝန်းကျေးရွာ နှစ်ရွာပေါင်း မြေဧက ၃,၀၀၀ ကျော်နှင့် ရေထွက်ကြီး ကျေးရွာရှိ မြေဧက ၅၀၀ ကျော် သိမ်းဆည်းခံလိုက်ရခြင်းဖြစ်ပြီး လျော်ကြေးငွေလည်း မရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်နှင့် NLD အစိုးရလက်ထက်တွင် မြေယာဥပဒေအတိုင်း တပ်သိမ်းမြေကို ပြန်လည်ပေးအပ်ရန် လျှောက်ထားတောင်းခံခဲ့သော်လည်း စစ်တပ်က ပြန်လည်စွန့်လွှတ်ခဲ့ခြင်း မရှိခဲ့ပေ။

ထို့အပြင် တပ်သိမ်းမြေပေါ်တွင် ဝင်ရောက်ကျူးကျော် နေထိုင်သည်ဟုဆိုကာ ငွေတောင်ကျေးရွာနှင့် ညောင်ဝန်းကျေးရွာ ဒေသခံ ၁၀၅ ဦးကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၃ ရက်တွင် စစ်တပ်က တရားစွဲဆို ခဲ့သေးသည်။

“အာဏာသိမ်းထားတဲ့ ဒီအချိန်မှာ ဥပဒေနဲ့အညီကို ဖြေရှင်းတာမျိုး မဟုတ်ဘဲ စစ်တပ်အင်အားအလွန် အကျွံသုံးပြီးတော့ ရွာထဲကို ဒီလိုမျိုးဖြေရှင်းတာက ဘယ်ဥပဒေနဲ့မှလည်း ကိုက်ညီမှု မရှိဘူး။ ပြည်သူလူထုတွေကို၊ တည်ငြိမ်နေတဲ့ကျေးရွာတွေကို မတည်ငြိမ်မှုဖြစ်အောင် တမင်တကာ ဖန်တီးနေတာလို့ပဲ မြင်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိ ကျေးရွာဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့်အတွက် စားဝတ်နေရေး အခက်အခဲများဖြင့် ကြုံတွေ့နေရပြီး အကူအညီတချို့ လိုအပ်နေကြောင်း ကျေးရွာဒေသခံများက ပြောသည်။

ဓာတ်ပုံ- (စစ်တပ်က ကျေးရွာအတွင်း ဝင်လာစဉ် ဖျက်စီးခဲ့သော ရွာဝင်ဆိုင်းဘုတ်နဲ့ အိမ်ခြံစည်းရိုးအချို့ကို တွေ့ရစဉ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly