KNU နှင့်ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၅ ဦးသေ၊ စစ်ကောင်စီတပ် အချင်းချင်း မှားယွင်း ပစ်ခတ်မှုဖြစ်ပွား

KNU နှင့်ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၅ ဦးသေ၊ စစ်ကောင်စီတပ် အချင်းချင်း မှားယွင်း ပစ်ခတ်မှုဖြစ်ပွား

စက်တင်ဘာ ၂၅

ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ စက်တင်ဘာ၂၂ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၂၅ ဦးသေဆုံးပြီး စစ်ကောင်စီတပ်အချင်းချင်း မှားယွင်းပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KNU သထုံခရိုင် တပ်မဟာ(၁) ၏ ဒေသခံတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ သိမ်ဇရပ်ကားလမ်းမပေါ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂၅ ဦးသေဆုံးပြီး ငါးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ KNU ဘက်က ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအပြီး စစ်ကောင်စီဘက်သို့ စစ်ကူလာသည့် တပ် အချင်းချင်းမှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနီးရှိ ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူလူထုပိုင် ကားတစ်စီးမှာလည်း ထိခိုက်ပျက်စီးခဲ့‌ကြောင်း KNU က ထုတ်ပြန်ထားသည်။

အလားတူ တပ်မဟာ (၃) ဘက်တွင်လည်း စစ်ကောင်စီနှင့် KNLA တို့ စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်အတွင်း တိုက်ပွဲ ကိုး ကြိမ်ဖြစ်ပွားခဲ့သည်။

KNU တပ်မဟာ (၃) တပ်ဖွဲ့များနေထိုင်ရာ မြေနီကုန်းနှင့် ဘုရားလေးကုန်း စသည့်နေရာများကို စစ်ကောင်စီကသိမ်းယူရန် ချီတက်လာခြင်းကြောင့် KNLA တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ ဘက်မှ ထိခိုက်ကျဆုံးမှုများသဖြင့် စက်တင်ဘာ ၂၄ ရက်တွင် တပ်တစ်ဝက်ပြန်ဆုတ်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် တပ်အားလုံးပြန်ဆုတ်သွားခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများ၏ အလောင်းများကို KNLA တပ်ဖွဲ့ဝင်များက မြုပ်နှံပေးခဲ့ကြောင်း သိရသည်။

တိုက်ပွဲ သုံးရက်ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် လော်မူသော၊ လော်မူပယ် ရွာမှ ဒေသခံ ၆၆၇ ယောက် ထွက်ပြေးတိမ်းရှောင် နေရကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly