စစ်ကောင်စီတပ် ဖမ်းဆီးထားသည့် ရင်ပေါင်တိုင် ကျေးရွာဒေသခံများတွင် သေဆုံးသူရှိသည့်အပြင် ခြေလက်များချိုးခံထားရသူလည်းရှိ

စစ်ကောင်စီတပ် ဖမ်းဆီးထားသည့် ရင်ပေါင်တိုင် ကျေးရွာဒေသခံများတွင် သေဆုံးသူရှိသည့်အပြင် ခြေလက်များချိုးခံထားရသူလည်းရှိ

စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ယင်းမာပင်မြို့နယ်ရှိ ရင်ပေါင်တိုင်ကျေးရွာမှ ဒေသခံအယောက် ၂၀ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာ ၂၄ရက်တွင် ဝင်ရောက်ဖမ်းဆီးသွားရာ ဒေသခံများအနက် တစ်ဦးမှာ သေဆုံးပြီး လူငယ်တစ်ဦးမှာ ခြေလက်များ အချိုးခံထားရကြောင်း ပုလဲ PDFထံမှ သိရသည်။

အသက် ၄၀ အရွယ်ခန့် ကိုမင်းသန်းဦးသည် ဖမ်းဆီးခံထားရစဉ် ယနေ့ စက်တင်ဘာလ ၂၅ရက် နံနက်ပိုင်းက အသက်သေဆုံးသွားခြင်းဖြစ်သည်ဟု ပုလဲ PDF အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

“အခုမနက်တင် ဆုံးသွားပြီ ဆိုတာ သိရတယ်။ ။ အယောက်၂၀ လောက်ကို ကျေးရွာအလယ်မှာရှိတဲ့ ဘုရားဝန်းထဲမှာ ဖမ်းဆီးထားတယ်။ နောက်ဘောလုံးကန်တတ်တဲ့ လူငယ်အရွယ် ကောင်လေးကို ရိုက်နှက်နှိပ်စက်ထားတယ်။ ခြေတွေ လက်တွေ ချိုးထားတယ်”ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်နဂါး က မဇ္ဈိမ သတင်းဌာနကို ပြောသည်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀ ခန့်ပါဝင်သည့် စစ်ကြောင်းသည် အိမ်ခြေ တစ်ထောင်ကျော်ရှိသည့် ရင်ပေါင်တိုင်ကျေးရွာသို့ စက်တင်ဘာ ၂၄ ရက်က ဝင်ရောက်လာပြီးနောက် ဒေသခံရွာသား အယောက်၂၀ ကျော်ခန့်ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ် သည်။

“ရွာတွေထဲဝင်တယ်။ ရွာသားတွေကိုဖမ်းခေါ်ပြီး တစ်နေရာ နဲ့ တစ်နေရာကို လှည်းတွေနဲ့ သွားကြတာ ။ အခု လည်း သူတို့ သွားဖို့အတွက် လူသားဒိုင်းပုံစံမျိုး လုပ်ဖို့ ရွာသား‌တွေကို ဖမ်းထားကြတာ “ ဟု ဗိုလ်နဂါးက ပြောသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ကျေးရွာအလယ်ရှိဘုရားဝန်းအတွင်းတွင် တပ်စွဲထားကြောင်းသိရပြီး ဒေသခံရွာသားများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly