မိမိကိုယ်ကို အားကိုးလွန်းမှု မဟာဗျူဟာ အဆုံးသတ်ရေးအတွက် တရုတ်ကို ဥရောပစီးပွားရေးအဖွဲ့ တောင်းဆို

By Yahoo/ Reuters
25 September 2021
မိမိကိုယ်ကို အားကိုးလွန်းမှု မဟာဗျူဟာ အဆုံးသတ်ရေးအတွက် တရုတ်ကို ဥရောပစီးပွားရေးအဖွဲ့ တောင်းဆို

တရုတ်နိုင်ငံအနေဖြင့် မိမိကိုယ်မိမိ အားကိုးမှုကို တိုးမြှင့်ရန် သမ္မတ ရှီကျင့်ဖျင် အားပေးထားသည့် အဆင့်မြင့်လယ်ဗယ် မဟာဗျူဟာတစ်ရပ်ကို စွန့်လွှတ်သင့်ကြောင်းနှင့် ယင်းသို့မဟုတ်ပါက တီထွင်ဆန်းသစ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလားအလာများကို ထိခိုက်နစ်နာစေမည့် အန္တရာယ်ရှိမည် ဖြစ်ကြောင်း ဥရောပ စီးပွားရေး အုပ်စုတစ်စုက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားလိုက်သည်။

“တရုတ်ဟာ အတွင်းဘက် တိုးပြီး ပြန်လှည့်နေတဲ့ ပြဿနာဖြစ်စရာ လက္ခဏာတွေ ရှိနေပါတယ်၊ ဒါက နိုင်ငံရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အလားအလာအပေါ် အတော်အသင့် သံသယတွေ ဖြစ်စေပါတယ်” ဟု ဥရောပ ကုန်သည်ကြီးများအသင်း၏ အစီရင်ခံစာတစ်ရပ်တွင် ပြောသည်။

နိုင်ငံရေးဆိုင်ရာ ထိန်းချုပ်မှုအတွက် လိုအင်ဆန္ဒ နှင့် “မတည်ငြိမ်မှု ဖြစ်မည့်အရေး စိုးရိမ်ပူပန်မှုတစ်ခု” တို့ကို အပြစ်ဖို့ရမည်ပင် ဖြစ်ကြောင်း ဥရောပ ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ ဂျော့ဂျ် ဝက်ကီက ပြောခဲ့သည်။

တရုတ်အစိုးရသည် နှစ်လမ်းမောင်းဗျူဟာ ဟု ခေါ်သည့် မဟာဗျူဟာတစ်ရပ်တွင် အမေရိကန်နှင့်အကြား သဘောကွဲလွဲမှု နက်ရှိုင်းမှုကြောင့် ပေါ်ပေါက်ခဲ့သည့် အရွေ့တစ်ခုအဖြစ် ယင်း၏ ရေရှည် ဖွံ့ဖြိုးမှုဆိုင်ရာပိုင်းတွင် နိုင်ငံရပ်ခြား စျေးကွက်များနှင့် နည်းပညာတို့အပေါ် ယင်း၏ မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်းထားခဲ့သည်။

နိုင်ငံပိုင်ကုမ္ပဏီများအတွက် မူဝါဒဆိုင်ရာ ထောက်ပံ့မှုကို ဆက်လုပ်ခြင်းအားဖြင့် စီးပွားရေး မူဝါဒအပေါ် အမျိုးသားလုံခြုံရေး စိုးရိမ်ပူပန်မှုများဆိုင်ရာ “အသားမကျသေးသော” လွှမ်းမိုးမှုနှင့် ပုဂ္ဂလိကကဏ္ဍအပေါ် တိုးမြှင့်ထိန်းချုပ်ရန် အားထုတ်မှုတို့က တီထွင်ဆန်းသစ်မှုနှင့် ကျွမ်းကျင်ထိရောက်မှုတို့ကို အဟန့်အတား ဖြစ်စေလိမ့်မည်ဟု အစီရင်ခံစာတွင် ပြောသည်။

“အဲဒီလို လုပ်ကိုင်ဆောင်ရွက်မှုတစ်ခုရဲ့ ထိခိုက်ဆုံးရှုံးမှုက နှစ်အနည်းငယ်အတွင်း ခံစားရချင်မှ ရမှာ ဖြစ်ပေမယ့် ဒါတွေဟာ အတော်အသင့် ကြီးမားတဲ့အတွက် လျစ်လျူမရှုသင့်ပါဘူး” ဟု အစီရင်ခံစာတွင် ပြောသည်။

နှစ်လမ်းမောင်း လည်ပတ်မှု မဟာဗျူဟာအရ တရုတ်အနေဖြင့် ယင်းနိုင်ငံ စီးပွားရေးကို တံခါးဖွင့်ခဲ့ပြီး ဆယ်စုနှစ်များနှင့်ချီ လျင်မြန်သော တိုးတက်မှုကို လှုံ့ဆော်ရရှိစေခဲ့သည့် ၁၉၇၀ ပြုပြင်ပြောင်းလဲမှုများ ဆိုင်ရာ အနှစ်သာရကနေ လမ်းလွဲစေရန် ရှိနေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လျော့ကျမှု၊ ရင်းမြစ်များကို တလွဲခွဲဝေသတ်မှတ်မှုနှင့် ပြည်ပတွင် ယင်းကို ဆန့်ကျင်မှုများ ကြီးထွားမှုတို့ကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။

“တရုတ်ဟာ ယင်းရဲ့ တကယ့် လုပ်နိုင်စွမ်းထက် နိမ့်ကျတဲ့ လယ်ဗယ်တစ်ခုနဲ့ပဲ လုပ်ဆောင်နေရမယ့် အခြေအနေနဲ့ ကြုံရပါလိမ့်မယ်” ဟု ဝက်ကီက ပြောသည်။

တရုတ်၏ မူဝါဒချမှတ်သူများက နိုင်ငံသည် ဆက်လက်တံခါးဖွင့်ထားမည် ဖြစ်ပြီး ပြည်ပကုမ္ပဏီများကို ဖိတ်ခေါ်ကြိုဆိုမည် ဖြစ်ကြောင်း အလေးပေး ပြောထားသည်။

တရုတ်တို့ လိုအပ်သည့် နည်းပညာရှိသည့် ဓာတုပစ္စည်းကဏ္ဍရှိ လုပ်ငန်းများကဲ့သို့ နိုင်ငံခြားကုမ္ပဏီအချို့ကို အားပေးအားမြှောက်ပြုထားသော်လည်း အခြားလုပ်ငန်းများကို အားပေးနေခြင်း မရှိဟု ဥရောပ ကုန်သည်ကြီးများအသင်း၏ အစီရင်ခံစာတွင် ပြောထားသည်။

အမျိုးသားလုံခြုံရေး အကြောင်းအရာများနှင့်ပတ်သက်၍ တိုးမြှင့် စစ်ဆေးမှုများကြောင့် “စျေးကွက်မှ ထွက်ခွာရမှုက မလွဲမရှောင်သာ အခြေအနေ ဖြစ်နေသည်” ဟု ကွန်ရက်တပ်ဆင်ပစ္စည်းနှင့် ဝန်ဆောင်မှု ထောက်ပံ့သူ ပြည်ပလုပ်ငန်းတစ်ချို့က ဥရောပ ကုန်သည်ကြီးများအသင်းကို ပြောခဲ့သည်ဟု သိရသည်။

ဥပမာအားဖြင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းကိရိယာများ ထောက်ပံ့ပေးသွင်းသူလုပ်ငန်းများသည် တခါတရံ ယင်းတို့၏ထုတ်ကုန်များကို ရောင်းချနိုင်ခြင်း မရှိကြောင်း၊ အကြောင်းမှာ ဆေးရုံများက တရုတ်ထုတ်ပစ္စည်းများကိုသာ ဝယ်ယူရန် ကြိုးပမ်းခြင်းကြောင့် ဖြစ်ကြောင်း ဝက်ကီက ပြောခဲ့သည်။

ဥရောပသားများအပေါ် ပါးကိုက်နားရိုက် ပိတ်ဆို့ဒဏ်ခတ်မှုများကို လျော့စဲ လျှော့ချရန် အစီရင်ခံစာတွင် တရုတ်ကို တိုက်တွန်းထားပြီး အဆိုပါ ပိတ်ဆို့မှုများက ဥရောပသမဂ္ဂနှင့်အကြား အဓိက ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အတည်ပြုလက်မှတ်ထိုးခြင်းကို နှောင့်နှေးဆုတ်ဆိုင်းစေလျက်ရှိကြောင်း အစီရင်ခံစာတွင် ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly