လက်စတာ၏ ခြေစွမ်းပြမှုက ဘောလုံးလောကအတွက် ကောင်းမွန်သည်ဟု အာစင်ဝင်းဂါးပြော

လက်စတာ၏ ခြေစွမ်းပြမှုက ဘောလုံးလောကအတွက် ကောင်းမွန်သည်ဟု အာစင်ဝင်းဂါးပြော

လန်ဒန်၊ ဒီဇင်ဘာ ၁၈ ။           ။ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက လက်စတာအသင်း၏ ခြေစွမ်းပြမှုသည် ဘောလုံးလောကတစ်ခုလုံးအတွက် ကောင်းမွန်သည့် အခြေအနေ တစ်ခုဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ရာသီအစက လက်စတာအသင်းကို မည်သူကမှ ယခုကဲ့သို့ ခြေစွမ်းပြနိုင်မည်ဟု မမျှော်လင့်ခဲ့သော်လည်း ပွဲစဉ် ၁၆ ပွဲ ပြီးဆုံးချိန်တွင် ရမှတ် ၃၅ မှတ်ရရှိနေကာ ဒုတိယနေရာမှ အာဆင်နယ်အား   နှစ်မှတ်အသာရပြီး အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိသည်။

လက်စတာအသင်းသည် ခရစ္စမတ်နေ့ နီးလာသည်အထိ အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ရာသီဝက်ချန်ပီယံဖြစ်လာရန် အခွင့်အရေးများ ရှိနေပြီဖြစ်သည်။

'လက်စတာတို့ ဒီလို ခြေစွမ်းပြနေတာ အင်္ဂလိပ်ဘောလုံးလောကအတွက် ကောင်းပါတယ်။ တကယ်တော့ အင်္ဂလိပ်ဘောလုံးလောကတင်မဟုတ်ပါဘူး။ ကမ္ဘာ့ဘောလုံးလောကအတွက်ပါကောင်းတာပါ။ ကြည့်လေ သူတို့ ငွေကြေးအများကြီး မသုံးစွဲခဲ့ဘူး။ ဒါပေမဲ့ သူတို့မှာ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်။ ကောင်းကောင်းယှဉ်ပြိုင်နိုင်တယ်။

သိမြင်နားလည်နိုင်မှုနဲ့ ကြိုးစားယှဉ်ပြိုင်မှုက အောင်မြင်မှုရဲ့ လမ်းကြောင်းပါပဲ။ သူတို့ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကလည်း တကယ်ကိုကောင်းမွန်တဲ့ ကစားပုံကို ပြသသွားနိုင်ခဲ့ပါတယ်။

သူတို့ကို ချန်ပီယံပြိုင်ဘက်အဖြစ် ကျွန်တော်သတ်မှတ်ပါတယ်။ ဒါပေမဲ့ သူတို့ကို ၅ ဂိုး ၂ ဂိုးနဲ့ ကျွန်တော်တို့အနိုင်ရခဲ့တုန်းကတော့ ဘယ်သူကမှ ကျွန်တော်တို့ကစားပုံကို ကောင်းတယ်လို့ မသတ်မှတ်ခဲ့ကြပါဘူး။ လက်စတာလိုအသင်းကို နိုင်တာ ပုံမှန်ပဲလို့ တွေးကြပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ သူတို့ရဲ့ ခြေစွမ်းနဲ့ ရလဒ်ဟာ တကယ်ကောင်းမွန်တယ်ဆိုတာကို မြင်တွေ့နေရပါပြီ' ဟု အာစင်ဝင်းဂါးက ပြောသည်။

လာမည့် တနင်္လာညတွင် ယှဉ်ပြိုင်ရမည့် မန်စီးတီးနှင့်ပွဲစဉ်မှာ ချန်ပီယံဆုအတွက် အရေးကြီးသည့် အဆုံးအဖြတ်ပွဲမဟုတ်ကြောင်းလည်း အာစင်ဝင်းဂါးက ဆိုခဲ့သည်။

ရည်ညွှန်း ဖိုးဖိုးတူး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly