AUKUS သဘောတူညီချက်ကြောင့် သြစတြေးလျသည် နျူကလီးယားတိုက်ခိုက်မှု၏ ဖြစ်နိုင်ခြေ ပစ်မှတ်ဖြစ်လာနိုင်ဟု တရုတ် ပြောဆို

By Dailyhunt
24 September 2021
AUKUS သဘောတူညီချက်ကြောင့် သြစတြေးလျသည် နျူကလီးယားတိုက်ခိုက်မှု၏ ဖြစ်နိုင်ခြေ ပစ်မှတ်ဖြစ်လာနိုင်ဟု တရုတ် ပြောဆို

နိုင်ငံသုံးနိုင်ငံပါဝင်သည့် AUKUS လုံခြုံရေးမိတ်ဘက်ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ပေါ်ပေါက်ပြီးနောက် သြစတြေးလျသည် ယခုအခါ “နျူကလီးယားတိုက်ခိုက်မှုတစ်ခုအတွက် ဖြစ်နိုင်ခြေရှိ ပစ်မှတ်တစ်ခု” ဖြစ်လာပြီ ဖြစ်ကြောင်း တရုတ်က ပြောဆိုခဲ့သည်။

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်ရန် အမေရိကန်၊ ယူကေတို့နှင့်အကြား AUKUS သဘောတူညီချက် ဖော်ဆောင်ပြီးနောက်တွင် သြစတြေးလျသည် ယခုအခါ နျူကလီးယားတိုက်ခိုက်မှုတစ်ခုအတွက် ဖြစ်နိုင်ခြေရှိ ပစ်မှတ်တစ်ခု ဖြစ်နေပြီဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ သတင်းစာတစ်စောင်က ပြောခဲ့သည်ဟု နယူး‌ယော့ခ်ပို့စ်က ဖော်ပြသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်က သြစတြေးလျ၊ ယူကေနှင့် အမေရိကန်တို့သည် AUKUS ဟု ခေါ်သည့် ကာကွယ်ရေး မိတ်ဘက်ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ကြေညာခဲ့ပြီး ယင်းသဘောတူညီချက်အရ သြစတြေးလျသည် ယင်း၏ ပါတနာနှစ်ဦးထံမှ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ ရရှိမည် ဖြစ်သည်။

ယင်းနောက်တွင် “နျူကလီးယား ရေငုပ်သင်္ဘော သဘောတူညီချက်က သြစတြေးလျကို ဖြစ်နိုင်ခြေရှိ နျူကလီးယား စစ်ပွဲပစ်မှတ် ဖြစ်စေနိုင်” ဆိုသည့် ခေါင်းစဥ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို တရုတ်ကွန်မြူနစ်ပါတီ၏ ဝါဒဖြန့် သတင်းစာတစ်စောင်က ထုတ်ပြန်ဖော်ပြခဲ့သည်။

“ဝါရှင်တန်က ကင်ဘာရာကို နျူကလီးယား လက်နက်တွေ တပ်ဆင်ပေးမှာ မဟုတ်ဘူးလို့ ပြောထားတယ် ဆိုပေမယ့်လည်း တကယ်လို့များ နျူကလီးယားစစ်ပွဲတစ်ခု ပေါ်ပေါက်ခဲ့ရင် ဒီ အောကက်စ် (AUKUS) ကြောင့် သြစတြေးလျဟာ နျူကလီးယားတိုက်ခိုက်မှုရဲ့ ပစ်မှတ်တစ်ခု ဖြစ်သွားနိုင်ခြေ ရှိတယ်လို့ တရုတ်စစ်ဘက်ကျွမ်းကျင်သူတွေက သတိပေးခဲ့ပါတယ်၊ ဘာလို့လဲ ဆိုတော့ သြစတြေးလျမှာ ဒီရေငုပ်သင်္ဘောတွေ ရှိသွားချိန်မှာ အမေရိကန်ဘက်က အဲဒီနိုင်ငံကို နျူကလီးယား လက်နက်တွေနဲ့ ရေငုပ်သင်္ဘောကနေ ပစ်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ပေးဖို့ လွယ်ကူမှာ ဖြစ်လို့ပါပဲ” ဟု အဆိုပါ တရုတ်၏ ဆောင်းပါးတွင် ပြောထားကြောင်း နယူးယော့ခ်ပို့စ်က ဖော်ပြသည်။

AUKUS သဘောတူညီချက်သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကြီးကြီးမားမား ထိခိုက်စေသလို လက်နက်ပြိုင်ဆိုင်မှုကို အရှိန်မြင့်စေကြောင်းနှင့် ယင်းက နျူလက်နက်များ မပြန့်ပွားရေး စာချုပ်ကိုလည်း ထိခိုက်စေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက ပြောထားခဲ့သည်။

“တရုတ်နိုင်ငံအနေနဲ့ AUKUS သဘောတူညီချက်ရဲ့ ဖြစ်ပေါ်မှုအခြေအနေတွေကို အနီးကပ် အာရုံစိုက်သွားမှာ ဖြစ်ပါတယ်၊ သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ စစ်အေးတိုက်ပွဲနဲ့ zero-sum game (တစ်ယောက်နိုင်သော် နောက်တစ်ယောက်က ရှုံးသည့် ကစားနည်း) စိတ်နေသဘောထားကို စွန့်လွှတ်သင့်ပါတယ်၊ အဲလိုမှမဟုတ်ရင် သူတို့အနေနဲ့ ကိုယ့်ခြေထောက်ပေါ် ပြန်ကျမယ့် ကျောက်တုံးတစ်တုံးကို ‘မ’ သလို ဖြစ်ပါလိမ့်မယ်” ဟု ကျောင်က ပြောခဲ့သည်ဟု နယူးယော့ခ်ပို့စ်က ဖော်ပြသည်။

AUKUS အစီအစဥ်သည် ယခုသီတင်းပတ်အတွင်း ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာတို့တွင် ကျွန်းနယ်မြေများပိုင်ဆိုင်သည့် ပြင်သစ်ထံကနေလည်း မမျှော်လင့်ဘဲ ပြင်းထန်သည့် တုံ့ပြန်မှုနှင့် တွေ့ကြုံထားခဲ့ရသည်။ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ယန်း ဗက်စ် လီဒရီယန်က France Info Radio ကို ပြောကြားခဲ့ရာတွင် “ဒါက တကယ်တော့ နောက်ကျောကို ဓားနဲ့ ထိုးလိုက်တာပါပဲ” ဟု ပြောခဲ့သည်။

ပြင်သစ်သည် နျူကလီးယားစွမ်းအင်ဆိုင်ရာ ရှေ့ဆောင်လုပ်ဆောင်သူနိုင်ငံတစ်နိုင်ငံဖြစ်သလို အမေရိကန်၊ ယူကေတို့နှင့်အတူ နေတိုးအဖွဲ့ မဟာမိတ်တစ်နိုင်ငံလည်း ဖြစ်သည်။ ယခု သဘောတူညီချက်သစ်ကြောင့် ပြင်သစ်ကုမ္ပဏီတစ်ခုအနေဖြင့် သမားရိုးကျ ရေငုပ်သင်္ဘောများ တည်ဆောက်ရန် သြစတြေးလျနှင့်အကြား လုပ်ကိုင်ခွင့် လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု နယူးယော့ခ်ပို့စ်က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly