UEFA က အမျိုသမီးယူရိုပြိုင်ပွဲအတွက် ဆုကြေးနှစ်ဆ တိုးမြင့်

UEFA က အမျိုသမီးယူရိုပြိုင်ပွဲအတွက် ဆုကြေးနှစ်ဆ တိုးမြင့်
Photo: UEFA

အင်္ဂလန်မှာ ကျင်းပမယ့် ၂၀၂၂ အမျိုးသမီးယူရိုပြိုင်ပွဲအတွက် ဆုကြေးနှစ်ဆ တိုးမြင့်ရရှိမှာဖြစ်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နယ်သာလန်မှာ နောက်ဆုံး ကျင်းပခဲ့တဲ့ ၂၀၁၇ ယူရိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း (၁၆) သင်းကို ယူရို ၈ သန်းသာ ခွဲဝေပေးခဲ့ပြီး ၂၀၂၂ ပြိုင်ပွဲမှာ စုစုပေါင်း ယူရို ၁၆ သန်း ပေးအပ်သွားမှာဖြစ်ပါတယ်။

"ငွေကြေးပမာဏ တိုးမြှင့်မှုအပါအဝင် အုပ်စုအဆင့်အတွက် စွမ်းဆောင်ရည်အလိုက် အပိုဆုကြေးငွေတွေ ခွဲဝေပေးအပ်မှာဖြစ်ပါတယ်။"လို့ မော်လ်ဒိုဗန်မြို့တော် Chisinau မှာ အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးအပြီးမှာ UEFA က ပြောပါတယ်။

ဒါ့အပြင် လက်ရွေးစင်အသင်းတွေအတွက် ကစားသမားစေလွှတ်ပေးရတဲ့ ကလပ်အသင်းတွေအတွက် စုစုပေါင်း ယူရို ၄.၅ သန်းကို ပထမဆုံးအကြိမ်အနေနဲ့ ရရှိမှာဖြစ်ပါတယ်။

အမျိုးသမီးဘောလုံးလောက တိုးတက်ရေးကို ဖီဖာမှ တွန်းအားပေးနေတဲ့ကြားက ယူရိုပြိုင်ပွဲလို နှစ်နှစ်တစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပပြီး အမျိုးသားနိုင်ငံတကာဘောလုံးပြက္ခဒိန်ကို အကြီးအကျယ် ပုံစံပြောင်းဖို့ လုပ်ဆောင်နေပါတယ်။

ဒါဟာ နိုင်ငံတကာ အမျိုးသမီးပြိုင်ပွဲတွေမှာ ဆိုးကျိုးသက်ရောက်မှုရှိလိမ့်မယ်လို့ ခြောက်လှန့်မှုတွေ ရှိနေပါတယ်။

အင်္ဂလန်မှာ အမျိုးသမီးယူရိုပြိုင်ပွဲကို ယခုနှစ်မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ကပ်ဘေးကြောင့် တစ်နှစ်ရွှေ့ဆိုင်းခဲ့ရသလို အမျိုးသားယူရိုနဲ့ မတိုက်မိစေဖို့ ၂၀၂၂ ခုနှစ်မှ ကျင်းပရတာဖြစ်ပါတယ်။

နယ်သာလန်အသင်းဟာ ၎င်းတို့မြေပေါ်မှာ ၂၀၁၇ ယူရိုဖလားကို ဆွတ်ခူးခဲ့ပါတယ်။

၂၀၂၂ ယူရိုပြိုင်ပွဲကို ဇူလိုင် ၆ ရက်ကနေ ၃၁ ရက်အထိ အင်္ဂလန်တစ်ဝှမ်းက ကွင်း ၁၀ ခုမှာ ကစားမှာဖြစ်ပြီး ဝင်ဘာလေကွင်းမှာ ဗိုလ်လုပွဲ ကျင်းပမှာဖြစ်ပါတယ်။

မဲခွဲမှုကို အောက်တိုဘာ ၂၈ ရက်မှာ မန်ချက်စတာမြို့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly