လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့မှ စစ်ကောင်စီယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်

လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့မှ စစ်ကောင်စီယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်

စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ပုသိမ်လမ်းမပေါ်ရှိ အောက်ထိပ်မှတ်တိုင်အနီးတွင် စစ်ကောင်စီယာဉ်တန်းကို လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF) မှ အဝေးထိန်း ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း CGF၏ ပြောခွင့်ရသူက ပြောသည်။

Double Cab ယာဉ်သုံးစီးနှင့် စစ်ကောင်စီတပ်သားတင်ယာဉ်ကြီး တစ်စီး စုစုပေါင်း ယာဉ် လေးစီးပါ စစ်ကြောင်းအား စက်တင်ဘာ ၂၃ ရက် ညနေ ၅ နာရီ ၁၅ မိနစ်အချိန်တွင် CGFက တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

“သတင်းရတာ အရမ်းကပ်သွားတော့ လက်ကျန် သုံးလုံးနဲ့ ပုသိမ်လမ်းမှာပဲ စောင့်ပြီး ဒက်ဗယ်ကပ်ယာဉ်တန်းကို ဖောက်ခွဲတာပေါ့။ ဒီနေ့က မိုးအရမ်းရွာတော့ သုံးလုံးမှာ နှစ်လုံးပဲကွဲသွားတယ်။ ယာဉ်တစ်စီးတော့ထိသွားတယ်” ဟု CGF ပြောခွင့်ရသူ ဆိုသည်။

ဗုံးနှစ်လုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီက လမ်းနှစ်ဘက်ပိတ်ကာ ရှာဖွေ စစ်‌ဆေးမှုများ ပြုလုပ်လာသည့်အတွက် အမြန်ဆုတ်ခွာခဲ့ရပြီး ထိခိုက်မှုအခြေအနေကို မသိရကြောင်း ၎င်းကဆိုသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့များ အလုပ်ပိုတွင်ကျယ်လာစေရန် ပြည်သူများအနေနှင့် မှိုင်း ဟုယူဆရသည့် ပစ္စည်းများ၊ ပေါက်ကွဲသံများ၊ သေနတ်သံများကြားရပါက လုံခြုံသည့် နေရာတွင်သာနေပေးကြရန် နှင့် ဝိုင်းပြီးမစပ်စုကြရန်အတွက် မေတ္တာရပ်ခံကြောင်းလည်း CGF ကထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly