ကယ်လီဖိုးနီးယား တောမီးမှာ သက်တမ်းရှည်အပင်ကြီးမျိုးတွေကို ကာကွယ်ပေးနိုင်ရေး အသည်းအသန် ကြိုးပမ်းနေ

ကယ်လီဖိုးနီးယား တောမီးမှာ သက်တမ်းရှည်အပင်ကြီးမျိုးတွေကို ကာကွယ်ပေးနိုင်ရေး အသည်းအသန် ကြိုးပမ်းနေ
Photo - AFP

စက်တင်ဘာ ၂၃

အမေရိကန်နိုင်ငံတွင်းက နှစ်သက်တမ်းရှည် သစ်ပင်ကြီးတွေကို ကာကွယ်ပေးနိုင်ရေးအတွက် မီးသတ်သမား ရာပေါင်းများစွာဟာ အသည်းအသန် မီးငြှိမ်းနေကြရပြီး သက်တမ်းရင့် အပင်ကြီးများစွာဟာ မထိန်းချုပ်နိုင်တဲ့ မီးတောက်တွေရဲ့ လောင်ကျွမ်းခံရမယ့် ဘေးအန္တရာယ်မှာ ရှိနေတယ်လို့ သတိပေးပါတယ်။ 

သစ်ပင်ကြီးမျိုးတွေ ပေါက်ရောက်တဲ့ ကယ်လီဖိုးနီးယား သစ်တောမြေမှာ ဟိုသည်တစ်စ တောမီးလောင်ကျွမ်းနေပြီး အားကောင်းတဲ့ တောမီးဟာ လောင်ကျွမ်းရာ နယ်ကျောတစ်လျှောက်က အရာရာကို ဝါးမြိုလျက်ရှိတယ်လို့ အလေးထားပြောဆိုပါတယ်။ 

အစွန်အဖျားက Peyrone သက်တမ်းရှည် အပင်ကြီး တောအုပ်နဲ့ Red Hill တောအုပ်ထဲမှာ လေထန်သော တောမီး Windy Fire လို့ အမည်ပေးထားတဲ့ အခုတောမီးဟာ ဧက ၂၅၀၀၀ ကို လောင်ကျွမ်းခဲ့ပြီး ဖြစ်တယ်လို့ တောမီးထိန်းချုပ်ရေး အရာရှိတွေက ပြောပါတယ်။ 

“ဒီ သက်တမ်းရင့် အပင်ကြီးမျိုးတွေ မီးလောင်ပျက်စီးသွားပြီလားဆိုတာ ကျွန်မတို့ မသိရဘူး”လို့ ထိ်နးချုပ်ရေးဌာန ပြောခွင့်ရသူ အမ်မန်ဒါ မန်ဆေးက ဆိုကြောင်း Los Angeles Times သတင်းအရ သိရပါတယ်။ “ဒါပေမဲ့ တောမီးဟာ အထက်က တောအုပ်နှစ်အုပ် ပတ်လည်မှာ လောင်ကျွမ်းနေတော့တာ ဖြစ်တယ်”လို့ သူက ပြောပါတယ်။ 
အနီးက Long Meadow တောအုပ်မှာတော့ အပင်ကြီးတစ်ပင်ရဲ့ မီးလောင်လွယ်တဲ့ အပေါ်ပိုင်းထိ တောမီးပျံ့နှံ့လောင်ကျွမ်းပါတယ်။ 

“အခြား သစ်ပင်တွေဆီလည်း ကူးစက်နေတာကြောင့် မီးသတ်သမားတွေ ထွက်လာကြပေမယ့် နှစ်ရှည်အပင်ကြီးအုပ်ရှိရာမှာ လာရောက်ပြီး ကာကွယ်မှုတွေ လုပ်ဆောင်နေရပါတယ်”လို့ အမ်မန်ဒါ မန်ဆေးက ဆိုပါတယ်။ 

တောမီးဟာ သစ်ပင်ထိပ်ဖျားတွေဆီ ကူးစက်တာဖြစ်ပြီး အထူးသဖြင့် အပင်မြင့်တွေဆီ ကူးစက်လောင်ကျွမ်းတာဖြစ်တာကြောင့် သစ်တောတစ်လျှောက် အလျင်အမြန် ပျံ့နှံ့လောင်ကျွမ်းနိုင်ပါတယ်။ သစ်ပင်ကြီးတွေ ထိပ်ဖျားမှာ လောင်တဲ့ တောမီးဟာ မီးကျီမီးခဲတွေ ဝန်းကျင်ကို ကျရောက်စေပြီး ပိုမိုကူးစက်လောင်ကျွမ်းမှု ဖြစ်စေပါတယ်။ 

မြောက်ဖက်ပိုင်းမှာဆိုရင် KNP Complex တောမီးဟာ နာမည်ကျော် Giant Forest ဆီ ကူးစက်ဖို့ ခြိမ်းခြောက်နေပါတယ်။ ဒီ တောအုပ်မှာက လုံးပတ်ထုထည်အားဖြင့် ကမ္ဘာမှာ အကြီးဆုံးဖြစ်ပြီး ၂၇၅ ပေအမြင့်ရှိတဲ့ General Serman သစ်ပင်ကြီး တည်ရှိတာလည်း ဖြစ်ပါတယ်။ 

အမျိုးသားဥယျာဉ်ဌာနက သက်တမ်း ၂၂၀၀ ရှိမယ်လို့ ခန့်မှန်းထားတဲ့ General Serman သစ်ပင်ကြီးကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ မီးဒဏ်ခံပြားတွေနဲ့ ပတ်စည်းလွှမ်းခြုံပေးထားခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့ တစ်ပတ်အကြာက မီးကြိုးပစ်ရာကနေ စတင်လောင်ကျွမ်းတဲ့ အခု တောမီးကနေ ဒီ သစ်ပင်ကြီးကို ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း တောမီးထိန်းချုပ်ရေး တာဝန်ရှိသူတွေက ပြောကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly