ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာ ၁၄ ဦး ထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာ ၁၄ ဦး ထပ်မံဖမ်းဆီးခံရ

စက်တင်ဘာ ၂၃

ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ဦး စက်တင်ဘာ ၂၃ ရက်မနက်ပိုင်းက ကန်ချနဘူရီခရိုင် မူအန်းဒေသရှိ နယ်စပ်ဧရိယာတစ်ခု၌ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဒေသရှိ နယ်စပ်ကင်းလှည့်အဖွဲ့တစ်ခုဖြစ်သည့် Lat Ya Task Force မှ စစ်သားများနှင့် ဒေသခံရဲများ ပါသော ပူးပေါင်းကင်းလှည့်အဖွဲ့တစ်ခုသည် ဘန် ပရူတူဒန် ကျေးရွာ တာဘွန်းတောင်အနီး သစ်တောဧရိယာတစ်ခုတွင် ပုန်းနေခဲ့သည့်  မြန်မာနိုင်ငံသားများကို တွေ့ရှိဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ခုနစ်ဦး ပါသည့် အဆိုပါ မြန်မာရွှေ့ပြောင်းများသည် တရားဝင်ခရီးသွားစာရွက်စာတမ်းများ ကိုင်ဆောင်ထားခြင်း မရှိဟု သိရသည်။

စုံစမ်းမေးမြန်းမှုအရ ၎င်းတို့သည် မြန်မာနိုင်ငံ ထားဝယ်မြို့ကနေတဆင့် တောလမ်းအတိုင်း လမ်းလျှောက်လာခဲ့ကြသည်ဟု ပြောခဲ့သည်။ ၎င်းတို့သည် အလုပ်အကိုင် ပွဲစားတစ်ဦးက လမ်းညွှန်စောင့်ဆိုင်းခိုင်းထားခဲ့သည့် ဆုံမှတ်နေရာတစ်ခု၌ စောင့်ဆိုင်းနေခဲ့ကြရကြောင်း၊ အဆိုပါ ပွဲစားက ၎င်းတို့ကို ထိုင်းတောင်ပိုင်း ပြည်နယ်များဖြစ်သည့် ဆူရတ်ဌာနီ၊ ဆုန်ခလာ နှင့် ဖန်ငါတို့တွင် အလုပ်ရှာပေးမည်ဟု ကတိပြုထားခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၎င်းတို့ သတ်မှတ်ခရီးလမ်းဆုံးနေရာများသို့ ရောက်ပါက အလုပ်အကိုင်ပွဲစားထံ တစ်ဦးလျင် ဘတ် ၁၅,၀၀၀ ကနေ ဘတ် ၂၂,၅၀၀ အထိ ပေးရန် သဘောတူထားခဲ့သည်ဟုလည်း သိရသည်။

ကျန်းမာရေး စစ်ဆေးမှုများ လုပ်ပြီးနောက် ၎င်းတို့ကို ဥပဒေကြောင်းအရ အရေးယူရန်နှင့် နိုင်ငံရင်းသို့ ပြန်ပို့ရန်အတွက် သက်ဆိုင်ရာ ရဲဌာနသို့ လွှဲပြောင်းပို့ဆောင်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly