ပြည်တွင်းစစ်မီး ထတောက်မည့် ‘စိုးရိမ်ထိတ်လန့်ဖွယ် ဘေး’နှင့် မြန်မာနိုင်ငံ ရင်ဆိုင်နေရဟု ကုလသမဂ္ဂ ပြော 

By ‌AFP
23 September 2021
ပြည်တွင်းစစ်မီး ထတောက်မည့် ‘စိုးရိမ်ထိတ်လန့်ဖွယ် ဘေး’နှင့် မြန်မာနိုင်ငံ ရင်ဆိုင်နေရဟု ကုလသမဂ္ဂ ပြော 

စက်တင်ဘာ ၂၃

စစ်အုပ်ချုပ်ရေး ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်သော တော်လှန်ပုန်ကန်မှုများကြောင့် မြန်မာနိုင်ငံသည် အရှိန်ပြင်းထန်သော ပြည်တွင်းစစ် ဖြစ်ပွားမည့် စိုးရိမ်ဖွယ် အလားအလာနှင့် ရင်ဆိုင်နေရပြီဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲက ကြာသပတေးနေ့တွင် ပြောသည်။ 

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးနှင့် ကျယ်ပြန့်သော ပဋိပက္ခကို တားဆီးနိုင်ရေး ကြိုးစားအားလုံးမှုများ ဆောင်ရွက်ရန် အခြားနိုင်ငံများအတွက် အချိန်နှောင်းသွားပြီဟု မီရှဲလ် ဘာချယ်လက်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံ ပြောကြာသည်။ 

ဖေဖော်ဝါရီလအတွင်း စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချလိုက်ချိန်မှစကာ မြန်မာနိုင်ငံတွင် ဝရုန်းသုန်းကား အခြေအနေ ဖြစ်ပေါ်နေပြီး နိုင်ငံအနှံ့အပြား တော်လှန်မှုများ ပေါ်ပေါက်လာခဲ့ကာ စစ်တပ်က ဖြိုခွင်းနိုင်ရေး ကြိုးစားနေရသည်။ 

စစ်ဗိုလ်ချုပ်ကြီးများ ဖြုတ်ချလိုက်သော လွှတ်တော်အမတ်များက ယခုလအစောပိုင်းတွင်  ‘ပြည်သူ့ခုခံကာကွယ်ရေးစစ်’ ဆော်ဩလိုက်ချိန်မှစပြီး စစ်တပ်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုများ ပို၍ များပြားလာခဲ့သည်။ 

အာဏာသိမ်းမှု၏ အကျိုးဆက်က နိုင်ငံတစ်ဝန်းရှိ လူမှုဘဝများနှင့် မျှော်လင့်ချက်များကို ရိုက်ချိုးချေမွှပစ်လိုက်ခြင်းကြောင့် လူ့အခွင့်အရေးအခြေအနေမှာလည်း သိသိသာသာ ယိုယွင်းဆိုးဝါးနေသည်ဟု ဘာချယ်လက်က ပြောသည်။ 

“ပဋိပက္ခတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ ကပ်ဘေးအကျိုးဆကတွေဟာ သိသိသာသာ များပြားလာတယ်၊ နိုင်ငံအနေနဲ့ ဖိနှိပ်မှု၊ အကြမ်းဖက်မှုနဲ့ စီးပွားရေးပြိုဆင်းမှု ဝဲဂယက်နဲ့ ထိပ်တိုက်တွေ့နေရတယ်”ဟု ၎င်းက ဆိုသည်။ 

‘အခြေခံမူဘောင် အခွင့်အလမ်းများကို အလွန်အမင်း ဖိနှိပ်ခံရခြင်း’ အား ရင်ဆိုင်ရင်း လက်နက်ကိုင်ခုခံမှု လှုပ်ရှားမှုများလည်း ကြီးထွားလာနေသည်။ 

“ဒီ ထိတ်လန့်စဖွယ် လမ်းကြောင်းဟာ အရှိန်မြင့်တဲ့ ပြည်တွင်းစစ် စိုးရိမ်ဖွယ်ကောင်းအောင် ဖြစ်လာတော့မှာကို ညွှန်ပြနေတော့တယ်”ဟု ဘာချယ်လက်က ပြောသည်။ 

နိုင်ငံများအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းတိုင်း ပါဝင်ဆက်ဆံမည် နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ကို ထောက်ကူပေးရန် ၎င်းက တိုက်တွန်းရင်း အာဆီယံဒေသတွင်းအဖွဲ့နှင့် ဩဇာရှိသောနိုင်ငံများက စစ်အာဏာသိမ်းမှုနှင့် ထင်ရာစိုင်း အကြမ်းဖက်မှုများမှ နောက်ကြောင်းပြန်လှည့်ရန် သိမ်းသွင်းလှုံ့ဆော်ခြင်း၊ ဟန့်တားခြင်းများ ဆောင်ရွက်သင့်သည်ဟု ပြောဆိုသည်။ 

“မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေး၊ ဒီမိုကရေစီလမ်းကြောင်းနဲ့ စည်ပင်ဝပြောမှုတွေဟာ ပြီးခဲ့တဲ့လတွေအတွင်းမှာ အခွင့်ထူးခံ အမြစ်တွယ်နေတဲ့ စစ်တပ်အထက်တန်းလွှာတွေအတွက် စတေးခံနေရတယ်”ဟု ဘာချယ်လက်က ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly