စီးပွားရေး အစီရင်ခံစာ၌ တရုတ်နိုင်ငံ၏ အဆင့်ကို မြှင့်တင်ပေးရန် အမှုထမ်းများကို ကမ္ဘာ့ဘဏ် အကြီးတန်းအရာရှိကြီးများက ဖိအားပေးခဲ့ဟု ဆို

စီးပွားရေး အစီရင်ခံစာ၌ တရုတ်နိုင်ငံ၏ အဆင့်ကို မြှင့်တင်ပေးရန် အမှုထမ်းများကို ကမ္ဘာ့ဘဏ် အကြီးတန်းအရာရှိကြီးများက ဖိအားပေးခဲ့ဟု ဆို

ကမ္ဘာ့ဘဏ်၏ ‘စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုဆိုင်ရာ ၂၀၁၈ ၊ ၂၀၂၀ အစီရင်ခံစာ’ ထုတ်ပြန်မှုများတွင် တရုတ်နှင့် ဆော်ဒီအာရေးဗျတို့အတွက် အဆင့်သတ်မှတ်ချက်များ မြင့်တက်စေရန်အလို့ငှာ ဒေတာအချက်အလက်များ အပြောင်းအလဲပြုလုပ်ရန် ကမ္ဘာ့ဘဏ်၏ အဆင့်မြင့်အရာရှိအချို့က အဖွဲ့အစည်းတွင်းရှိ အမှုထမ်းများအပေါ် “လွန်လွန်ကဲကဲ ဖိအားပေး” ခဲ့သည်ကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခုက စစ်ဆေးတွေ့ရှိခဲ့သည်။

ဥပဒေအကျိုးဆောင်လုပ်ငန်းတစ်ခုဖြစ်သည့် WilmerHale ၏ စစ်ဆေးတွေ့ရှိချက်များအရ လက်ရှိ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ အကြီးအကဲဖြစ်သည့် ခရစ္စတယ်လီနာ ဂျော့ဂျီဗာသည် ကမ္ဘာ့ဘဏ်တွင် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဥ်ကာလအတွင်း ၂၀၁၈ အစီရင်ခံစာထုတ်ပြန်မှုတွင် တရုတ်၏ အဆင့်ကို တက်စေရန်အတွက် ဒေတာပွိုင့်များကို “အထူး ပြောင်းလဲမှုများ လုပ်ရန်” သို့မဟုတ် “အစီရင်ခံစာ၏ နည်းပညာကို ပြောင်းလဲရန်” ၂၀၁၇ ခုနှစ်က စီးပွားရေးလုပ်ကိုင်မှုအစီရင်ခံစာပြုစုသည့် အဖွဲ့ကို ဖိအားပေးခဲ့သည်ဟု သိရကြောင်း စီအင်န်အင်န်က စက်တင်ဘာ ၁၇ ရက်တွင် ဖော်ပြသည်။

စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရန်အတွက် ဥပဒေအကျိုးဆောင်လုပ်ငန်း WilmerHale ကို ကမ္ဘာ့ဘဏ်က တာဝန်အပ်နှင်းခဲ့ခြင်း ဖြစ်သည်။

တရုတ်အစိုးရ အရာရှိများသည် ၎င်းတို့ နိုင်ငံ၏ အဆင့်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်စကားများကို ထိုစဥ်က ကမ္ဘာ့ဘဏ်အမှုဆောင်အရာရှိချုပ်ဖြစ်ခဲ့သည့် ဂျော့ဂျီဗာနှင့် ယင်းအချိန်က ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် ဂျင်ယုံကင်မ် တို့ကို ထပ်တလဲလဲ ပြောခဲ့ကြောင်း WilmerHale ၏ စာမျက်နှာ ၁၆ မျက်နှာပါ စုံစမ်းစစ်ဆေးမှုအရ သိရသည်။

ဂျော့ဂျီဗာသည် “တရုတ်က အဓိက အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ဖွယ်ရှိ” သည့် ငွေလုံးငွေရင်း တိုးမြှင့်မှု ကမ်ပိန်းတစ်ခုနှင့်ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးမှုများ အလယ်တွင် ပါဝင်ခဲ့ကြောင်းကိုလည်း စုံစမ်းစစ်ဆေးမှုက ထုတ်ဖော်ခဲ့သည်။

ယင်းအပြင် ဂျော့ဂျီဗာသည် တရုတ်၏ အဆင့်သတ်မှတ်ချက် တိုးတက်စေရေးအတွက် “တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့” သည်ဟုလည်း စုံစမ်းစစ်ဆေးမှုက ထုတ်ဖော်ခဲ့သည်။

နိုင်ငံတစ်နိုင်ငံအပေါ် စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အစီရင်ခံစာ၏ အရေးပါမှုနှင့်ပတ်သက်ပြီး နားလည်သဘောပေါက်မှု မရှိမှုနှင့် တရုတ်နှင့်အကြား ဘဏ်၏ ဆက်ဆံပတ်သက်မှုအပေါ် စီမံခန့်ခွဲမှု မှားယွင်းခြင်းတို့အတွက် ထိုစဥ်က ကမ္ဘာ့ဘဏ်၏ ဌာနေညွှန်ကြားရေးမှူးဖြစ်သူကို အစည်းအဝေးတစ်ခုအတွင်း ဂျော့ဂျီဗာက ဝေဖန်ပြစ်တင်ထားခဲ့သည်ဟုလည်း စီအင်န်အင်န်က ဖော်ပြသည်။

ပုံမှန်မဟုတ်သည့် ဖြစ်စဥ်များနှင့်ပတ်သက်ပြီး စွပ်စွဲခံရပြီးနောက် ကမ္ဘာ့ဘဏ်သည် ယင်း၏ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အစီရင်ခံစာ ထုတ်‌ဝေမှုကို ရပ်ဆိုင်းရန် စက်တင်ဘာ ၁၆ ရက်က ဆုံးဖြတ်ခဲ့သည်။

“အမှုဆောင်ဒါရိုက်တာများဘုတ်အဖွဲ့ ကိုယ်စား ဒီနေ့ (စက်တင်ဘာ ၁၆) ရက်မှာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ၊ နောက် အရင်ကလုပ်ဆောင်ခဲ့တဲ့ လေ့လာသုံးသပ်ချက်တွေအတွင်း တွေ့ရှိချက်တွေနဲ့ စာရင်းစစ်ဆေးမှုတွေ အပါအဝင် စီးပွားရေးလုပ်ကိုင်ခြင်း နဲ့ပတ်သက်လို့ ဒီနေ့အထိ ရရှိထားတဲ့ အချက်အလက် အားလုံးအပေါ် သုံးသပ်ခဲ့ပြီးနောက်မှာ ကမ္ဘာ့ဘဏ်အုပ်စု စီမံအုပ်ချုပ်မှုပိုင်းက ဒီ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အစီရင်ခံစာ ဆက်မထုတ်ဘဲ ရပ်ထားဖို့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ ဝက်ဘ်ဆိုဒ်တွင် တင်ထားသည့် ထုတ်ပြန်ချက်တစ်ခုတွင် ပြောထားသည်။

ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အစီရင်ခံစာ(Doing Business Report) သည် စည်းမျဥ်းဆိုင်ရာ အခြေအနေများနှင့်အတူ စီးပွား‌ရေးဆိုင်ရာ ပေါ်ထွန်းစလုပ်ငန်းများ၊ အခြေခံအဆောက်အအုံနှင့် အခြား စီးပွားရေး အခြေအနေ အစီအမံများနှင့်ပတ်သက်ပြီး လွယ်ကူအဆင်ပြေမှု ရှိမရှိကို အကဲဖြတ် ထုတ်ပြန်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly