အာဖဂန်တက်ကြွလှုပ်ရှားသူများက ပိတ်ပစ်ခံထားရသည့် အမျိုးသမီးရေးရာ ဝန်ကြီးဌာနအပြင်ဘက်တွင် ဆန္ဒပြ

အာဖဂန်တက်ကြွလှုပ်ရှားသူများက ပိတ်ပစ်ခံထားရသည့် အမျိုးသမီးရေးရာ ဝန်ကြီးဌာနအပြင်ဘက်တွင် ဆန္ဒပြ

တက်ကြွလှုပ်ရှားသူ အမျိုးသမီး ၂၀ ကျော်သည် အာဖဂန်နစ္စတန် အမျိုးသမီးရေးရာဝန်ကြီးဌာနရှေ့တွင် စက်တင်ဘာ ၁၉ ရက်က ဆန္ဒပြခဲ့ကြသည်။

တာလီဘန်စစ်သွေးကြွများက ကဘူးလ်မြို့ကို ထိန်းချုပ်ပြီးနောက် ယင်းဝန်ကြီးဌာနကို ပိတ်ပစ်ကာ ၎င်းတို့၏ ကိုယ်ကျင့်တရားမြှင့်တင်ရေးနှင့် ဒုစရိုက်ကာကွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။

ပြီးခဲ့သည့် လအတွင်းက တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် အလုပ်ပြန်ဆင်းရန် ရက်သတ္တပတ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြသော်လည်း အိမ်သို့ ပြန်လွှတ်ခဲ့ကြောင်း အမျိုးသမီးဝန်ထမ်းများ ပြောကြားသည်။

“အမျိုးသမီးရေးရာ ဝန်ကြီးဌာနကို ပြန်လည်အသက်သွင်းရပါမယ်။ အမျိုးသမီးတွေကို ဖယ်ရှားခြင်းဟာ လူသားတွေကို ဖယ်ရှားပစ်ခြင်းပါပဲ” ဟု အဆောက်အအုံပြင်ပ ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ဘက်စရာတာဝါနာက ပြောကြားသည်။

တာလီဘန်တို့ အုပ်ချုပ်ခဲ့သည့် ၁၉၉၆ မှ ၂၀၀၁ ခုနှစ် ကာလအတွင်း အမျိုးသမီးများကို ကျောင်းတက် ခွင့်မပြုခဲ့သလို အလုပ်နှင့် ပညာရေးနယ်ပယ်တို့၌ တားမြစ်ထားခဲ့သည်။

အဆိုပါကာလအတွင်း ကိုယ်ကျင့်တရားမြှင့်တင်ရေးနှင့် ဒုစရိုက်ကာကွယ်ရေး ဝန်ကြီးဌာနက ဝတ်စားဆင်ယင်မှု တင်းကျပ်ခြင်း၊ လူမြင်ကွင်း၌ သေဒဏ်ချမှတ်ခြင်းနှင့် ကြာပွတ်နှင့် ရိုက်နှက် အပြစ်ပေးခြင်းတို့ ပါဝင်သည့် ရှာရီယာဥပဒေကို ကြီးကြပ်အကောင်အထည်ဖော်ရသည်။

မူလတန်းကျောင်းများတွင် အမျိုးသားနှင့် အမျိုးသမီး သီးခြားစာသင်ရသည့် အတန်းများသို့ မိန်းကလေးငယ်များအား တက်ရောက်ခွင့်ပြုပြီး နောက်တစ်ရက်တွင် ဆန္ဒပြမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အထက်တန်းကျောင်းသူများအနေဖြင့် မည်သည့်အချိန်ကျောင်းပြန်တက်ရမည်ကို မသိရသေးပေ။

“မိန်းကလေးတွေကို အိမ်မှာပဲနေခိုင်းပြီး ထိန်းချုပ်ထားတာတွေ၊ ကျောင်းတက်ခွင့်မပေးတာတွေနဲ့ အာဖဂန်အမျိုးသမီးတွေရဲ့ အသံကို ဖိနှိပ်ထားလို့ မရပါဘူး” ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် တာရာနမ်ဆာယီဒီက ပြောကြားသည်။

“ယနေ့ခေတ် အာဖဂန်က အမျိုးသမီးတွေဟာ လွန်ခဲ့တဲ့ ၂၆ နှစ်က အမျိုးသမီးတွေလို မဟုတ်ပါဘူး”

မိန်းကလေးများအား ပညာသင်ကြားခွင့်တားမြစ်ခြင်းအပါအဝင် ရှေးရိုးဆန်သည့် မူဝါဒများကို ပြန်လည်ကျင့်သုံးမည်မဟုတ်ကြောင်း တာလီဘန်အရာရှိများက ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly