အားလုံးပါဝင်သည့် အစိုးရတစ်ရပ်ဖွဲ့စည်းရန် ပါကစ္စတန်တို့က တောင်းဆိုပိုင်ခွင့်မရှိဟု တာလီဘန်ခေါင်းဆောင်ပြောကြား

အားလုံးပါဝင်သည့် အစိုးရတစ်ရပ်ဖွဲ့စည်းရန် ပါကစ္စတန်တို့က တောင်းဆိုပိုင်ခွင့်မရှိဟု တာလီဘန်ခေါင်းဆောင်ပြောကြား

အာဖဂန်နစ္စတန်နိုင်ငံတွင် အားလုံးပါဝင်သည့် အစိုးရတစ်ရပ် ထူထောင်ရေးအတွက် ပါကစ္စတန်က ဖြစ်စေ၊ အခြားနိုင်ငံများက ဖြစ်စေ အစ္စလာမ္မစ်အုပ်ချုပ်ရေးအဖွဲ့ အား တောင်းဆိုပိုင်ခွင့်မရှိဟု တာလီဘန် ခေါင်းဆောင်တစ်ဦးက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားလိုက်သည်။

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းက တာလီဘန်အဖွဲ့နှင့် တွေ့ဆုံကာ အားလုံးပါဝင်သည့် အစိုးရတစ်ရပ်ဖွဲ့စည်း ရေးကို ဆွေးနွေးခဲ့ကြောင်း ယင်းအဖွဲ့တွင် တာဂျစ်၊ ဟာဇာရက်စ်နှင့် ဥဇဘက်တို့လည်း ပါဝင်ကြောင်း ပြောကြားခဲ့ခြင်းအပေါ် တာလီဘန်၏ အစ္စလာမ္မစ်အုပ်ချုပ်ရေးအဖွဲ့က တရားဝင်မှတ်ချက်ပေးမထားသေးပေ။

တာလီဘန်အစိုးရအဖွဲ့၏ ပြောခွင့်ရအရာရှိနှင့် ပြန်ကြားရေးဒုဝန်ကြီးဖြစ်သူ ဇာဘီဟူလာမူဂျာဟစ်အား Daily Times သတင်းဌာနက မေးမြန်းရာတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် အချက်အလက်များကို စုဆောင်းနေကြောင်းလည်း ပြန်လည်ဖြေကြားထားသည်။

စက်တင်ဘာ ၂၁ ရက်က အာဖဂန်နစ္စတန်၏ Ariana TV မှ ထင်မြင်သုံးသပ်ချက် တင်ပြမှု အစီအစဉ်တွင် တာလီဘန်ခေါင်းဆောင် မိုဟာမက်မိုဘင်က “အားလုံးပါဝင်မှုရှိတဲ့ အစိုးရတစ်ရပ်ဖွဲ့စည်းရေး တောင်းဆိုဖို့ ဘယ်သူ့ကိုမှ အခွင့်အရေးပေးမထားပါဘူး။ အားလုံးပါဝင်တဲ့ အစိုးရဆိုတာ အဲဒီထဲမှာ အိမ်နီးချင်းတွေက သူတို့ရဲ့ ကိုယ်စားလှယ်တွေ၊ သူလျှိူတွေကို ပါဝင်ခွင့်ပေးထားတာလား။ မည်သူကမှ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ အခုစနစ်က အားလုံးပါဝင်ပါတယ်။ ပါကစ္စတန်က သူတို့ရဲ့ ကိုယ်ပိုင်စနစ်ကို ဆုံးဖြတ်သလို ကျွန်တော်တို့မှုလည်း ကိုယ်ပိုင်စနစ်ထားနိုင်တဲ့ အခွင့်အရေးရှိပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားသည်။

မိုဘာင်ကဲ့သို့ပင် အခြားတာလီဘန်ခေါင်းဆောင်များကလည်း လက်ရှိအစိုးရအဖွဲ့တွင် တာဂျစ်နှင့် ဥဇက်လူမျိုးများ ပါဝင်သောကြောင့် အားလုံးပါဝင်သည့် အစိုးရတစ်ရပ်ဖြစ်ပြီး နောက်ထပ်လည်း ပါဝင်ခွင့်ပြုသွားမည်ဟု ပြောကြားထားသည်။

အခြားအုပ်စုများ ကိုယ်စားပြုပါဝင်သည့် အစိုးရမျိုးဖွဲ့စည်းရေးကို တောင်းဆိုမှုများအား လက်ခံရန် အခြေအနေမရှိကြောင်း မိုဒင်၏ ထုတ်ပြန်ချက်က အခိုင်အမာဖော်ပြနေသည်။

တာလီဘန်အစိုးရအဖွဲ့သည် ဒုဝန်ကြီးချုပ်သည် ဥဇက်တစ်ဦးဖြစ်ပြီး စစ်တပ်၏ ညှိနှိုင်းကွပ်ကဲရေးမှူးချုပ် သည်လည်း တာဂျစ်လူမျိုးဖြစ်သည်။ ဟာဇာရာလူမျိုးများမှ အစိုးရအဖွဲ့ဝင် မပါဝင်ပေ။

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းက တာဂျစ်ကစ္စတန်နိုင်ငံ ဒူရှန်ဘီမြို့၌ အာဖဂန်နစ္စတန်၏ အိမ်နီးချင်းနိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး တာဂျစ်ကစ္စတန်သမ္မတအီမိုမာလီရေမွန်နှင့် အချိန်ကြာမြင့်စွာ တွေ့ဆုံခဲ့ရာတွင် တာလီဘန်တို့အနေဖြင့် ၎င်းတို့အစိုးရတွင် တာဂျစ်၊ ဟာရာဇက်နှင့် ဥဇဘက်များ ပါဝင်ရန် ဆွေးနွေးခဲ့ကြောင်း ၎င်း၏ တွစ်တာတွင် စက်တင်ဘာ ၁၉ ရက်က ရေးသားထားသည်။

“နှစ် ၄၀ ကြာ တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်မှာ အားလုံးပါဝင်မှုရှိမှသာ အာဖဂန်နစ္စတန်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ အာဖဂန်နစ္စတန်အတွက်သာမဟုတ်ဘဲ ဒေသတွင်းအတွက်လည်း ဖြစ်ပါတယ်” ဟု ခန်းက ၎င်း၏ တွစ်တာပို့စ်တစ်ခုတွင် ရေးသားထားသည်။

တာလီဘန်တို့က မြို့တော်ကဘူးလ်အား ထိန်းချုပ်ပြီး ၃ ပတ်နီးပါးအကြာတွင် အမျိုးသားများသာ ပါဝင်သည့် အစိုးရတစ်ရပ်ကို စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့ကာ အစ္စလာမ္မစ်အုပ်ချုပ်ရေးကို ကြေညာကာ ၎င်းတို့၏ အကြီးအကဲရှိတ်ခ်ဟိုက်တူလာကို အကြီးအကဲအဖြစ် တင်မြှောက်ခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အမေရိကန်၊ တရုတ်၊ ရုရှား၊ ပါကစ္စတန်တို့ပါဝင်သော Troika Plus အဖွဲ့က အစ္စလာမ္မစ်အုပ်ချုပ်ရေးကို ယမန်နှစ်က ကန့်ကွက်ခဲ့သည်။

အာဖဂန်အစိုးရသစ်တွင် တာလီဘန်ခေါင်းဆောင်များနှင့် အမေရိကန်ဦးဆောင်သော နေတိုးတပ်ဖွဲ့များကို လွန်ခဲ့သည့် နှစ် ၂၀ အတွင်းက တိုက်ခိုက်မှုကြောင့် အမေရိကန်က အလိုရှိနေသူအချို့ကိုလည်း ထည့်သွင်းဖွဲ့စည်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly