မင်းတပ်နှင့်ကန်ပက်လက်မြို့များတွင် တိုက်ပွဲကြောင့်လူနေအိမ်များပျက်စီး

မင်းတပ်နှင့်ကန်ပက်လက်မြို့များတွင် တိုက်ပွဲကြောင့်လူနေအိမ်များပျက်စီး

မင်းတပ်၊ စက်တင်ဘာ-၂၃

ချင်းပြည်နယ် ၊ မင်းတပ်မြို့နှင့်ကန်ပက်လက်မြို့တို့တွင် ယမန်နေ့ စက်တင်ဘာ ၂၂ ရက် ည ၈ နာရီဝန်းကျင်က နှစ်ဘက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး မြို့နှစ်မြို့လုံးရှိ လူနေအိမ်တချို့ ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။

မင်းတပ်မြို့ပေါ်ရှိ အထက(၁)ကျောင်း၊ ထွေအုပ်ရုံးနှင့် ရဲစခန်းအနီးအနားတွင် နှစ်ဘက်ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခြင်းကြောင့် လူနေအိမ်များ ပျက်စီးခဲ့ရသည်။

''ညက သေပြီလို့တောင်ထင်တာ လက်နက်ကြီးသံတွေကော သေနတ်သံတွေကော အများကြီးကြားရတာ ရဲစခန်းနားမှာ ပိုဆိုးတာပေါ့။ မနက်ကျတော့ အိမ်တွေတော်တော်များများ ပျက်စီးကုန်တယ်။ ညကတော့ တစ်နေရာတည်းမဟုတ်ဘဲ နေရာအနှံ့ကအသံကျယ်တွေကြားနေရတယ်'' ဟုမင်းတပ်မြို့ပေါ်ရပ်ကွက်နေဒေသခံတစ်ဦးက ဆိုသည်။

သည့်အပြင် ကန်ပက်လက်မြို့ပေါ် ရပ်ကွက်များတွင်လည်း ည ၈နာရီ မိနစ်၂၀ခန့်ကစပြီး ရဲစခန်း နှင့် အ ထ က ကျောင်းဘက်တွင် လက်နက်ကြီးသံ၊ သေနတ်သံများကြားရပြီး မြို့မ( ၁ )ရပ်ကွက် ဆေးရုံလမ်းပေါ်ရှိ နေအိမ် ခြောက်လုံးကျည်ထိမှန်သွားသည်ဟုလည်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်က မင်းတပ်မြို့အတွင်း ပြောက်ကျားနည်းဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည့်အပြင် ထိုပစ်ခတ်မှုသည် ဟားခါးမြို့နှင့် ထန်တလန်မြို့အတွက် CDF-မင်းတပ်အဖွဲ့မှ လက်တုံ့ပြန်ခြင်းဖြစ်သည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly