လှိုင်သာယာ Myanmar Unique အထည်ချုပ်စက်ရုံ ယာယီပိတ်သိမ်း

လှိုင်သာယာ Myanmar Unique အထည်ချုပ်စက်ရုံ ယာယီပိတ်သိမ်း

စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ် ၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Myanmar Unique အထည်ချုပ်စက်ရုံကို စက်တင်ဘာ ၂၁ရက်မှစတင်ကာ ယာယီပိတ်သိမ်းလိုက်ကြောင်း သိရသည်။

“ရှစ်နှစ်လောက်လည်ပတ်ခဲ့တဲ့ ကိုယ်တွေအထည်ချုပ် စက်ရုံကြီး အကြောင်းကြောင်းကြောင့် ဒီနေ့ ၂၁ရက်ကစပြီး ပိတ်လိုက်ရပါပြီ “ ဟု စက်ရုံဝန်ထမ်းတစ်ဦးက ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် စက်တင်ဘာ၂၁ရက် ညပိုင်းက ရေးသားထားသည်ကို တွေ့ရသည်။

ထို့အပြင် လှိုင်သာယာ စက်မှုဇုန် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတစ်ဦးက စက်ရုံ အလုပ်ရုံများသည် နိုင်ငံရေးတည်ငြိမ်ပြီး ဘဏ်စနစ်များ လည်ပတ်နိုင်မှသာအလုပ်လုပ်၍ ရနိုင်မည်ဟု ပြောသည်။

“အဓိက က စက်ရုံအလုပ်ရုံဆိုတာက နိုင်ငံရေးတည်ငြိမ်အေးချမ်းမယ်။ ငွေရေးကြေးရေး လည်ပတ်မယ် ။ ဘဏ်စနစ်တွေကောင်းမယ်ဆိုရင်တော့ လုပ်ရတာအဆင်ပြေမှာပါ။ အခုက ပိုက်ဆံရှိပေမယ့် ဘဏ်တွေက ထုတ်မရတာတွေနဲ့ အဆင်မပြေတာတွေကြားရတော့ စိတ်မကောင်းဘူး။ ကိုယ်တွေလည်း ဘာမှလုပ်မပေးနိုင်ဘူးလေ။ ပြီးတော့စက်ရုံ အလုပ်ရုံဆိုတာက ဘဏ်စနစ်နဲ့ပဲ သွားနေရတာလေ။ ဒါလေးနဲ့လည်ပတ်နေရတဲ့အချိန်မှာ အခုလိုတွေဖြစ်တော့ ဘယ််လိုလုပ်ကြမလဲ”ဟု ၎င်းက ပြောသည်။

ဆက်လက်၍လည်း “ကျွန်တော်တို့ စက်ရုံ အလုပ်ရုံဆိုတာက ဖွင့်ဖို့လည်း ခက်ခဲတယ်။ ပိတ်ဖို့လည်း ခက်ခဲပါတယ်။ တော်တော်များများကတော့ ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံးမှသာ ပိတ်ဖို့စဥ်းစားကြတာပါ။ ပြီးတော့ စက်ရုံအလုပ်ရုံဆိုတာက ရှုံးတာမြတ်တာကို မကြောက်ကြပါဘူး။ အလုပ် လုပ်လို့ မရမှာကိုပဲ ကြောက်တာပါ။ အလုပ်လုပ်ချင်လို့စက်ရုံဖွင့်တာကို အလုပ်မလုပ်ရဘူးဆိုတော့ ဘယ်လိုပြောရမလဲ တိုင်းပြည်ရဲ့ ကံကြမ္မာပဲလားတော့ မသိတော့ပါဘူး။ ကလေးတွေရဲ့ အလုပ်ကိုင် အခွင့်အလမ်းတွေ နည်းသွားတဲ့အတွက် စိတ်မကောင်းပါဘူး” ဟု လှိုင်သာယာ စက်မှုဇုန် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူက ပြောသည်။

လတ်တလော ယာယီပိတ်သိမ်းထားသည့် Myanmar Unique အထည်ချုပ်စက်ရုံသည် အလုပ်သမား ထောင်ဂဏန်းခန့်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required