အမေရိကန်က COVID-19 ကာကွယ်ဆေးအလုံး သန်း ၅၀၀ ကို နိုင်ငံတကာထံ ထပ်မံလှူဒါန်းပေးမည်

အမေရိကန်က COVID-19 ကာကွယ်ဆေးအလုံး သန်း ၅၀၀ ကို နိုင်ငံတကာထံ ထပ်မံလှူဒါန်းပေးမည်

စက်တင်ဘာ ၂၂

ဖိုက်ဇာ-ဘိုင်ရွန်တက် COVID-19 ကာကွယ်ဆေးအလုံးရေ သန်း ၅၀၀ အထိ ကမ္ဘာ့နိုင်ငံတွေအတွက် ထပ်မံလှူဒါန်းပေးမယ့် အမေရိကန်ရဲ့ အစီအစဉ်တွေကို သမ္မတ ဂျိုးဘိုင်ဒင်က စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ကြေညာမှာ ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

ခုလို နိုင်ငံတကာကို ကာကွယ်ဆေးတွေ ထပ်မံလှူဒါန်းပေးမယ့် သတင်းကို ဘိုင်ဒင်က ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဘေးပန်းပြင်ပမှာ ကျင်းပမယ့် အွန်လိုင်းအစည်းအဝေးတစ်ခုမှာ ကြေညာပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကမ္ဘာ့နိုင်ငံတိုင်းမှာ ၂၀၂၂ စက်တင်ဘာလ နောက်ဆုံးထားပြီး လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပြီးစီးနိုင်ဖို့အတွက် သမ္မတ ဘိုင်ဒင်က ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းသွားမယ်လို့လည်း သိရပါတယ်။

လှူဒါန်းမှုတွေကို အခမဲ့ လုပ်ဆောင်တာ ဖြစ်ပြီး ဘယ်လို အနှောင်အဖွဲ့မှ ရှိမှာမဟုတ်ဘူးလို့ အမေရိကန်ရဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

“ဒီနေ့အချိန်အထိ ဒီနိုင်ငံမှာ ကျွန်မတို့ ထိုးနှံပေးထားတဲ့ ကာကွယ်ဆေးအလုံးတစ်လုံးစီတိုင်းအတွက် ကျွန်မတို့ဟာ ခုချိန်မှာ အခြားနိုင်ငံတွေဆီ ဆေးသုံးလုံး ပြန်လှူဒါန်းပေးနေပါတယ်” လို့လည်း သူမက ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်က ကုလသမဂ္ဂမှာ ပထမဆုံးမိန့်ခွန်းပြောခဲ့ရာမှာ ဘိုင်ဒင်က အမေရိကန်အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ရောဂါ တုံ့ပြန်မှုအတွက် ဒေါ်လာ ၁၅ ဘီလီယံကျော် ထည့်ဝင်ပေးထားသလို အခြားနိုင်ငံတွေဆီ ကာကွယ်ဆေးအလုံးရေ သန်း ၁၆၀ ‌ကျော် ပို့ဆောင်ပေးခဲ့ကြောင်း ပြောခဲ့ပါတယ်။

ကမ္ဘာ့ပေါ်က နိုင်ငံအများအပြားမှာ ကာကွယ်ဆေး လိုအပ်မှုတွေနဲ့ ကြုံတွေ့နေရချိန် အမေရိကန်နဲ့ အခြား ချမ်းသာတဲ့ နိုင်ငံတွေမှာ တတိယမြောက် အားဖြည့်ကာကွယ်ဆေးတွေ ဖြန့်ကျက်ထိုးနှံစေဖို့ စီစဉ်နေတဲ့အပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဝေဖန်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly