အိုင်အက်စ်တို့၏ ငွေဝင်လမ်းကြောင်းကို ပစ်မှတ်ထားသည့် ဆုံးဖြတ်ချက် ကုလ တညီတညွတ်တည်း အတည်ပြု

အိုင်အက်စ်တို့၏ ငွေဝင်လမ်းကြောင်းကို ပစ်မှတ်ထားသည့် ဆုံးဖြတ်ချက် ကုလ တညီတညွတ်တည်း အတည်ပြု

ကုလသမဂ၊ ဒီဇင်ဘာ-၁၈ ။              ။ အိုင်အက်စ်အကြမ်းဖက်အုပ်စုအား ဒဏ်ခတ်ပိတ်ဆို့မှုများကို အဆင့်မြှင့်၍ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ရန် ရည်ရွယ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလလုံခြုံရေးကောင်စီမှ ဘဏ္ဍာရေးဝန်ကြီးများက ဒီဇင်ဘာ ၁၇ရက်နေ့တွင် ကန့်ကွက်မဲမရှိ တညီတညွတ်တည်း ထောက်ခံ အတည်ပြုခဲ့ကြသည်။

ခေတ်အဆက်ဆက် ပထမဆုံး ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျက်ကော့ လူးက ဦးဆောင်ကျင်းပခဲ့ကာ အိုင်အက်စ် စစ်သွေးကြွများက ကြီးမားသော နယ်မြေကို ထိန်းချုပ်ထားပြီး မိမိတို့ဖာသာ မြို့တော်အဖြစ် ထူထောင်သတ်မှတ်ထားရာ ဆီးရီးယားတွင် ပြည်တွင်းစစ် အဆုံးသတ်ရေး သံတမန်နည်းလမ်းအရ တွန်းအားပေးရန်လည်း   ထောက်ခံခဲ့ကြသည်။

အိုင်အက်စ်အစွန်းရောက်များအပေါ် ကုလသမဂက အာရုံစိုက်လာပြီဖြစ်ကြောင်း မီးစိမ်းပြသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဆီးရီးယား၏ မဟာမိတ် ရုရှတို့က ပြုစုခဲ့သည့် အရေးယူမှုအသစ်အရ အိုင်အက်စ်နှင့် အယ်ခိုင်ဒါ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ဆက်လက်ရှိနေစေခြင်းဖြင့် အယ်ခိုင်ဒါနာမည်ပျက်စာရင်းကို ထပ်ပေါင်းသက်တမ်းတိုးထားမည် ဖြစ်သည်။  

ယခုဆုံးဖြတ်ချက်အသစ်အရ ရေနံနှင့် ရှေးဟောင်းပစ္စည်းများကဲ့သို့သော အိုင်အက်စ်အုပ်စုထံသို့ စီးဝင်နေသည့် ရံပုံငွေနှင့် အခြားစီးပွားရေး အရင်းမြစ်များကို ဖြတ်တောက်ရေး သန္နိဌာန် ခိုင်ခိုင်မာမာဖြင့် လှုပ်ရှားကြရန်နှင့် ဒဏ်ခတ်ပိတ်ဆို့ရန် စာရင်းထဲသို့ နောက်ထပ် လူဆိုးများကို အမည်စာရင်းတင်သွင်းကြရန် နိုင်ငံများအား တိုက်တွန်းထားသည်။

အိုင်အက်စ် အုပ်စုအား မတည်ထောက်ပံ့မှုနှင့် နိုင်ငံခြားတိုက်ခိုက်ရေးသမားများ အုပ်စုနှင့် ဆက်သွယ်ပူးပေါင်းလာပါကလည်း ရာဇဝတ်မှုအဖြစ် သတ်မှတ်အရေးယူသည့် ဥပဒေများကို   ပြဌာန်းထားကြရန်လည်း နိုင်ငံတကာအစိုးရများကို တိုက်တွန်းထားသည်ဟု ဆိုသည်။

အိုင်အက်စ်တို့၏ ငွေဝင်လမ်းကြောင်းကို ဖြတ်တောက်ရေး ရုရှက ရေးဆွဲခဲ့သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ဖေဖော်ဝါရီလက အတည်ပြုခဲ့သော်လည်း နိုင်ငံများက လိုက်နာကျင့်သုံးရန်   နှေးကွေးနေခဲ့ကြသည်။

အိုင်အက်စ်တွေကို စီးပွားရေးအရ ကျဉ်ပထားရာမှာ တိုးတက်မှုရှိခဲ့ပေမယ့်လည်း တကယ်အောင်မြင်ဖို့ဆိုရင် တစ်နိုင်ငံချင်းအနေနဲ့ရော နိုင်ငံတကာအဆင့်မှာပါ ကျနော်တို့အားလုံး စူးစူးစိုက်စိုက် ကြိုးစားရမှာပါဟု လူးက ပြောကြားခဲ့သည်။

ယခုနောက်ဆုံး ဆုံးဖြတ်ချက်အရ နိုင်ငံအားလုံးက အိုင်အက်စ်တို့၏ ငွေဝင်လမ်းကြောင်းကို ပစ်မှတ်ထားသည့် အရေးယူဆောင်ရွက်ချက်များကို ကုလသို့ ရက်ပေါင်း ၁၂၀အတွင်း အစီရင်ခံရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly