တရုတ်ကို ကျော်ပြီး သြစတြေးလျက ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ ရွှေထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာ

တရုတ်ကို ကျော်ပြီး သြစတြေးလျက ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ ရွှေထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာ

သြစတြေးလျသည် ယခုအခါ ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို ကျော်ပြီး ကမ္ဘာပေါ်တွင် ရွှေထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့် ဆယ်စုနှစ် တစ်စုကြာ တရုတ်၏ နောက် ဒုတိယနေရာတွင် ရှိနေခဲ့ပြီး ယခုအခါ သြစတြေးလျက ကမ္ဘာတွင် ရွှေအများဆုံး ထုတ်လုပ်သည့် နိုင်ငံ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သြစတြေးလျသည် နှစ်၏ ပထမနှစ်ဝက်တွင် ရွှေ တန်ချိန် ၁၅၇ တန် တူးဖော်ထုတ်လုပ်ခဲ့ပြီး တရုတ်၏ ထုတ်လုပ်မှုထက် လေးတန် အသာဖြင့် ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သြစတြေးလျအခြေစိုက် သတ္တုဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း Surbiton Associates မှ အကဲခတ်များ၏ အစီရင်ခံစာတစ်ရပ်အရ သိရသည်။

အဆိုပါ ထုတ်လုပ်မှု ပမာဏသည် လက်ရှိ ရွှေစျေးနှုန်းဖြစ်သည့် တစ်အောင်စလျင် ကန်ဒေါ်လာ ၁,၇၉၀ သို့မဟုတ် စတာလင်ပေါင် ၁,၂၉၀ ခန့်အပေါ် အခြေခံ တွက်ချက်ပါက စတာလင်ပေါင် ၇ ဘီလီယံကျော် တန်ကြေးရှိမည် ဖြစ်သည်။

သြစတြေးလျသည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း စံချိန်တင် ရွှေတန်ချိန် ၃၂၈ တန်အထိ တူးဖော်ထုတ်လုပ်ထားခဲ့သည့် ယင်း၏ ရွှေတူးဖော်ထုတ်လုပ်မှုလုပ်ငန်းအတွက် အားရလောက်အောင် ထူးကဲများပြားခဲ့သည့် ကာလတစ်ခု ဖြတ်သန်းခဲ့ပြီးနောက် ယခုကဲ့သို့ ကမ္ဘာ့ရွှေထုတ်လုပ်မှုပိုင်းတွင် နံပါတ်တစ်နေရာ တက်လှမ်းလာခဲ့ခြင်း ဖြစ်သည်။

တရုတ်၏ နိုင်ငံပိုင် သတ္တု တူးဖော်မှု လုပ်ငန်းကြီးများသည် ၎င်းတို့၏ ပွင့်လင်းမြင်သာမှု မရှိမှုအတွက် လူသိများသည်။

ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံ တရုတ်၏ ရွှေထုတ်လုပ်မှုက မည်သည့်အတွက်ကြောင့် သြစတြေးလျ၏ နောက်ကို ရောက်သွားခဲ့သလဲ ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရ‌ပေ။

ယင်းသည် လုပ်ငန်းခွင် မတော်တဆမှုများနှင့် သေဆုံးမှုများကို စုံစမ်းစစ်ဆေးရန် တရုတ်နိုင်ငံတွင်းရှိ သတ္တုမိုင်းတွင်းတစ်ချို့ ယာယီ ပိတ်ထားခြင်းနှင့် တနည်းတဖုံ သက်ဆိုင်နေနိုင်သည်ဟု Surbiton ၏ အကဲခတ်များက ပြောသည်။

ယင်းအတိုင်း ဖြစ်နိုင်ဖွယ် မရှိဟုလည်း အခြားသော လုပ်ငန်းတွင်း ပညာရှင်များက ယူဆသည်။ မည်သို့ပင် ဖြစ်စေ ကမ္ဘာ့ ရွှေသတ္တုထုတ်လုပ်မှု အများဆုံး နိုင်ငံများ ဇယား၏ ထိပ်ဆုံးသို့ ပြောင်းလဲရောက်ရှိခြင်းက သြစတြေးလျအတွက် သတ္တုတူးဖော်မှုပိုင်းတွင် စိုးမိုးထားသည့် အင်အားစုတစ်ခု ဆိုသည့် အခြေအနေကို ထင်ဟပ်ပြသနေသည်။

ကမ္ဘာ့ အကြီးဆုံး ရွှေထုတ်ယူမှု ဆိုဒ်များအနက် အများအပြားသည် အနောက်သြစတြေးလျပြည်နယ်တွင် တည်ရှိပြီး ယင်းပြည်နယ်သည် သံသတ္တုရိုင်း စျေးနှုန်းများ စံချိန်တင် မြင့်တက်မှုဖြင့် အားတက်ထားသည့် သတ္တုလုပ်ငန်း ခေတ်ကောင်းမှုနှင့်အတူ ဦးမော့ထားခဲ့သည်။

ပြည်နယ်ရှိ အကြီးဆုံး နှင့် နိုင်ငံ၏ ဒုတိယအကြီးဆုံး ရွှေတွင်းမှာ ပါ့သ်မြို့၏ အရှေ့တောင်ဘက် မိုင် ၈၀ ခန့်တွင် တည်ရှိပြီး ကမ္ဘာ့အကြီးဆုံး ရွှေတူးဖော်မှု ကုမ္ပဏီဖြစ်သည့် ကော်လိုရာဒို အခြေစိုက် နယူးမွန့်တ်က ပိုင်ဆိုင်သည့် Boddington ရွှေတွင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly