ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးရုပ်သိမ်းပြီးမှ နျူကလီးယားဆွေးနွေးပွဲ အဖြေထွက်ရေး အီရန် လိုလား 

ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးရုပ်သိမ်းပြီးမှ နျူကလီးယားဆွေးနွေးပွဲ အဖြေထွက်ရေး အီရန် လိုလား 
Photo - AFP

စက်တင်ဘာ ၂၂

အီရန်နိုင်ငံရဲ့ ရှေးရိုးအလွန်စွဲ သမ္မတသစ် အီဘရာဟင် ရာအိစီက သူ့ရဲ့ နိုင်ငံတကာသို့ ပွဲဦးထွက်မိန့်ခွန်းပြောရာမှာ နျူကလီးယား စေ့စပ်ဆွေးနွေးပွဲတွေ ပြန်စရေးကို ထောက်ခံကြောင်း လေသံပစ် ပြောဆိုရင်း တစ်ချိန်တည်းမှာပဲ အမေရိကန်ရဲ့ လွှမ်းမိုးမှု ကျဆင်းလာတဲ့ အဓိပ္ပာယ်နဲ့ နှစ်ထောင်းအားရစွာ ပြောဆိုသွားခဲ့ပါတယ်။ 

အနောက်အုပ်စုနဲ့ ပိုမို သင့်မြတ်ရေးကို ဖော်ဆောင်ခဲ့တဲ့ အစိုးရဟောင်းကို အရိုက်အရာခံတဲ့ သဘောထားတင်းမာတဲ့ ဘာသာရေးခေါင်းဆောင် ရာအိစီက ၂၀၁၅ နျူကလီးယားသဘောတူညီချက်အရ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေ အဆုံးသတ်မယ်ဆိုတဲ့ ကတိစကားကို ဖြည့်ဆည်းဖို့ အမေရိကန်ကို တိုက်တွန်းပြောဆိုပါတယ်။ 

“ဖိနှိပ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းတဲ့ နောက်ဆုံးရလဒ်ကို ပေးမယ့် အသုံးဝင်တဲ့ ဆွေးနွေးပွဲတွေကို အီရန်နိုင်ငံက စဉ်းစားသုံးသပ်နေပါတယ်”လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဗီဒီယိုကတစ်ဆင့် သမ္မတ ရာအိစီက မိန့်ခွန်းပြောပါတယ်။ 

ဘာသာရေး အထွဋ်အမြတ်ထားတဲ့ နိုင်ငံရဲ့ ရပ်တည်ချက်ဟာ နျူကလီးယားလက်နက်တွေကို ဘာသာရေးအရလည်း တားမြစ်ထားပြီး အီရန်ရဲ့ နျူကလီးယားစီမံကိန်းတွေကို အဖျက်အမှောင့်လုပ်ဆောင်နေတဲ့ အစ္စရေးရဲ့ မယုံသင်္ကာဖြစ်မှုနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်တယ်လို့ သူက ထပ်လောင်းပြောဆိုပါတယ်။ 

“နျူကလီးယားလက်နက်တွေကို ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းရည်နဲ့ ခုခံဟန့်တားရေးမူဝါဒမှာလည်း နေရာမထားထားပါဘူး”လို့ ရာအိစီက ပြောပါတယ်။ 

ကုလသမဂ္ဂမှာ ပွဲဦးထွက်မိန့်ခွန်းကို လူကိုယ်တိုင် တက်ရောက်ပြောဆိုတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အရင် သမ္မတ ဒေါ်နယ်ထရမ့် နုတ်ထွက်ခဲ့တဲ့ နျူကလီးယားသဘောတူညီချက်ထဲ ပြန်လည်ပါဝင်ဖို့ အမေရိကန်က အသင့်ရှိနေတယ်လို့ ပြောဆိုပါတယ်။ 

“အီရန်က သဘောတူညီချက်ပါအတိုင်း အလားတူ ဆောင်ရွက်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ကလည်း သဘောတူညီချက်ကို အပြည့်အဝ လေးစားလိုက်နာနိုင်အောင် ပြန်လည်ပါဝင်သွားဖို့ ပြင်ဆင်ထားပါတယ်”လို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးမယ်လို့ သဘောတူညီချက်အရ အမေရိကန်ရဲ့ ကတိခံထားချက်ကို ရည်ညွှန်းပြီး ဂျိုးဘိုင်ဒင်က ပြောပါတယ်။ 

ဒါပေမဲ့ ဂျိုးဘိုင်ဒင် သမ္မတအဖြစ် ရွေးကောက်ခံရပြီးကတည်း ဥရောပသမဂ္ဂက စေ့စပ်ပေးတဲ့ သွယ်ဝိုက်ညှိနှိုင်းဆွေးနွေးမှုတွေဟာ သဘောတူညီချက် အပြည့်အဝ အသက်ဝင်ရေးအထိ အောင်မြင်မှု မရှိဘဲ ဖြစ်နေဆဲပါ။ 

ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကန့်ကွက်ဆန့်ကျင်ပြီး အီရန်ဟာ သဘောတူညီချက်ပါ ကတိတွေကို တစ်စစ မျက်ကွယ်ပြုလာခဲ့ပြီး စီးပွားရေး ဖိအားပေးမှုတွေ အလုံးစုံ ရုပ်သိမ်းရေးကိုပဲ အခိုင်အမာ ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။ 

ဂျိုးဘိုင်ဒင်အစိုးရကတော့ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အီရန်ရဲ့ နျူကလီးယားစီမံကိန်းကြောင့်သာဖြစ်ပြီး လူ့အခွင့်အရေးအပါအဝင် အခြား စိုးရိမ်စရာတွေကို အခြေခံချမှတ်ထားတာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ 

ရာအိစီနဲ့အတူ လိုက်ပါလာတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဆာအိဒ် ခါတက်ဇာဒက်ရှ်က သဘောတူညီချက်မှာ ပါဝင်နေဆဲ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီနဲ့ ရုရှတို့အပါအဝင် နိုင်ငံတွေနဲ့ ဗီယင်နာမှာ သွယ်ဝိုက်ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly