မုံရွာမြို့တွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲ ပစ်သတ်ခံရ

မုံရွာမြို့တွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲ ပစ်သတ်ခံရ

စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်းထောင့်ရှိ မီးပွိုင့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ယာဉ်ထိန်းရဲတစ်ဦး ယနေ့စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်က သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ယာဉ်ထိန်းရဲ၏ ဦးခေါင်းတည့်တည့်ကို သေနတ်ကျည်တစ်ချက် ထိမှန်ကာ အခင်းဖြစ်သည့်နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို အတည်ပြုသည်။

အဆိုပါယာဉ်ထိန်းရဲအား သံမဏိနှင့်အဖွဲ့သားများ ကိုယ်စားပြု- MPDF တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု အဆိုပါ အဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

"စစ်ကောင်စီရဲ့ ယန္တရား ရပ်တန့်ဖို့ ထောက်တိုင်ဟူ သမျှ တိုက်ခိုက်မှာပဲ" ဟု မုံရွာမြို့ သံမဏိနှင့်အဖွဲ့သားများ ကိုယ်စားပြု- MPDF တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို လူနာတင်ကားဖြင့် ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။

သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နေရာတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ပြည်သူများအား တားဆီးစစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားလည်ပတ်အောင် ကူညီဆောင်ရွက်ပေးနေသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်ကောင်စီဘက်တော်သားများအားလုံးကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း MPDF က သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly