လက်နက်မှောင်ခိုကူးမှုကြောင့် မြန်မာနယ်စပ်တလျောက် လုံခြုံရေးတင်းကျပ်ရန် ထိုင်း ညွှန်ကြား

By ဘန်‌ကောက်ပို့စ်
22 September 2021
လက်နက်မှောင်ခိုကူးမှုကြောင့် မြန်မာနယ်စပ်တလျောက် လုံခြုံရေးတင်းကျပ်ရန် ထိုင်း ညွှန်ကြား

စက်တင်ဘာ ၂၂

လက်နက်မှောင်ခိုကူးမှုကို တားဆီးရန်အတွက် မြန်မာနှင့်အကြား နယ်စပ်တလျောက်တွင် လုံခြုံရေး တိုးမြှင့်စောင့်ကြည့်ရန် သက်ဆိုင်ရာ လုံခြုံရေးအေဂျင်စီများကို ထိုင်းအာဏာပိုင်များက ညွှန်ကြားထားကြောင်း သိရသည်။

ယခု ညွှန်ကြားချက်က ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဝစ်တ် ဝုန်ဆူဝမ် ဆီက တိုက်ရိုက်လာခြင်း ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်ချုပ်ကြီး ကုံချိ တန်ထရာဝါနစ်ချ်က စက်တင်ဘာ ၂၁ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်နှင့် ယင်းအပေါ်  ခုခံတော်လှန်သူများအကြား တိုက်ပွဲများ အရှိန်မြင့်နေစဉ် လက်နက်ပွဲစားများက မြန်မာနိုင်ငံထံ စစ်သုံးအဆင့် လက်နက်များ မှောင်ခိုကူးနေသည် ဆိုသည့် သတင်းများ ထွက်ပြီးနောက် အဆိုပါ ညွှန်ကြားချက် ထွက်လာခြင်း ဖြစ်သည်။

လက်နက်များ၏ မူလဇာစ်မြစ်များ၊ သယ်ယူပို့ဆောင်မှုလမ်းကြောင်းများ၊ မှောင်ခိုကူးသူများ အသုံးပြုသည့် ငွေလွှဲပြောင်းမှု စနစ်များနှင့်ပတ်သက်ပြီး သတင်းအချက်အလက် ရရှိနိုင်‌ရေးအတွက် လုံခြုံရေးဆိုင်ရာ ထောက်လှမ်းရေး အေဂျင်စီများ အာရုံစိုက်လုပ်ဆောင်ရန် ဒုဝန်ကြီးချုပ် ပရာဝစ်တ်က ညွှန်ကြားထားသည်ဟု တန်ထရာဝါနစ်ချ်က ပြောသည်။

မကြာသေးခင်က ချွန်ဘူရီပြည်နယ်ရှိ ဆက်တာဟစ်ပ် နယ်မြေ၌ လက်နက်မှောင်ခိုကူးသူတစ်ချို့ကို ဖမ်းမိခဲ့ရာတွင် ၎င်းတို့သည် ပြည်နယ်အရာရှိများ အပါအဝင် အသိုင်းအဝိုင်းတစ်ချို့မှ လူပုဂ္ဂိုလ်များနှင့် အချိတ်အဆက်များ ရှိနေသည်ကို ဖော်ထုတ်သိရှိခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု တိုးချဲ့ လုပ်ဆောင်ထားသော်လည်း အသေးစိတ်အချက်အလက်များကို လက်တလော ထုတ်ဖော်မည်မဟုတ်သေးဟု ၎င်းက ပြောသည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် မည်သည့်ပုံစံနှင့်မဆို အကြမ်းဖက်မှုနည်းလမ်း အသုံးပြုမှုကို  အားမပေးကြောင်း ပရာဝစ်တ်က ပြောသည်ဟုလည်း တန်ထရာဝါနစ်ချ်က ပြောသည်။ထို့ပြင် လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ ထားသည့် နေရာများကိုလည်း ခိုးယူခံရမည့်ဘေးကနေ ကာကွယ်ရန် အထူးသတိပြုစောင့်ကြပ်ရန်အတွက် စစ်တပ်၊ ရဲနှင့် စီမံအုပ်ချုပ်ရေး အမှုထမ်းများကို ၎င်းက ညွှန်ကြားထားသည်ဟုလည်း သိရသည်။

ထို့ပြင် လက်နက်များ ခိုးယူခံထားရသည့် နေရာများတွင်လည်း စုံစမ်းစစ်ဆေးမှုထပ်မံလုပ်ဆောင်ရန်၊ တာဝန်ရှိသူများကို ရှာဖွေဖော်ထုတ်ရန်နှင့် ထိုလက်နက်များကို အကြမ်းဖက်မှုအတွက် အသုံးမပြုနိုင်ခင် ပြန်လည် ရယူရန် ပရာဝစ်တ်က ဆန္ဒရှိနေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ‌ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly