ကျောမွဲတောင်သူတွေ ဘာဖြစ်နေလဲ(ဆောင်းပါး)

ကျောမွဲတောင်သူတွေ ဘာဖြစ်နေလဲ(ဆောင်းပါး)

စက်တင်ဘာ ၂၁

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တာကြောင့် စိုက်ပျိုးရေးနဲ့ နိုင်ငံကို အဆင့်မြှင့်မယ်ဆိုတဲ့ ဝါဒဖြန့်စကားတွေကို အာဏာသိမ်းစစ်ခေါင်းဆောင်က နေရာတိုင်းလိုလိုမှာ ထည့်သွင်းပြောကြားနေတယ်ဆိုတာ သူတို့ရဲ့ ဝါဒဖြန့်ချီရေး သတင်းတွေကတစ်ဆင့် မြင်တွေ့နိုင်ပါတယ်။

စိုက်ပျိုးရေးနိုင်ငံအဖြစ်ထူထောင်ဖို့ ဝါဒဖြန့်ချီနေပေမယ့် မြေပြင်လက်တွေ့မှာတော့ စစ်ခေါင်းဆောင်ရဲ့ အာဏာရူးမှု နောက်ဆက်တွဲ ဆိုးကျိုးတွေကို တောင်သူတွေ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာငွေကျပ်တန်ဖိုး ကျဆင်းလာတာနဲ့အမျှ ဒေါ်လာဈေးနှုန်းမြင့်တက်လာတာကြောင့် ပြည်ပက တင်သွင်းရတဲ့ စိုက်ပျိုးရေးသွင်းအားစု( ဓာတ်မြေသြဇာ၊ပိုးသတ်ဆေး စသည့်) တွေဟာ လက်ရှိမှာတော့ ဈေးနှစ်ဆကနေ နှစ်ဆကျော်အထိ မြင့်တက်နေပါပြီ။

ပြည်တွင်းမှာ တကယ် လုံလောက်အာင် မထုတ်လုပ်နိုင်‌သေးတဲ့ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးတွေကို ပြည်ပကနေ တင်သွင်းရာမှာ ပြည်ပကုမ္ပဏီတွေ အနေနဲ့ မြန်မာငွေတန်ဖိုးကျဆင်းပြီး ဒေါ်လာဈေးနှုန်းမြင့်တက်လာတာကြောင့် ပြည်တွင်းက ကုန်သည်တွေအပေါ် ယုံကြည်မှုအားနည်းလာတဲ့ အချက်ဟာလည်း သွင်းအားစုဈေးနှုန်းတွေ မြင့်တက်လာစေတဲ့အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။

သွင်းအားစုတွေ ဈေးမြင့်တက်လာသလို နိုင်ငံရေးမတည်ငြိမ်မှု၊ ကုန်သည်နဲ့ဈေးသည်တွေရဲ့ ဈေးကစားမှုတွေကြောင့် ပြည်တွင်းမှာ ဆန်ဈေးနှုန်းမြင့်တက်နေပေမယ့် စပါးဈေးနှုန်းတွေဟာ သိသာစွာ မြင့်တက်ခြင်းမရှိတာကြောင့် တောင်သူတွေဟာ ဆန်ဈေးတက်လာတဲ့အပေါ်မှာ အကျိုးခံစားခွင့်တစ်စုံတစ်ရာမရှိပါဘူး။

မိုးစပါးစိုက်ပျိုးချိန်မှာ မဖြစ်မနေအသုံးပြုရတဲ့ မြေသြဇာနဲ့ ပိုးသတ်ဆေးတွေဟာ အမျိုးအစား၊ အမှတ်တံဆိပ်ပေါ်မူတည်ပြီး ယခင် ကျပ်သုံးသောင်းတန်ကနေ ကျပ်ငါးသောင်းကျော်တဲ့အထိ ဈေးနှုန်းတွေ မြင့်တက်နေပြီး ပေါင်းသတ်ဆေးတွေဟာလည်း ကျပ်နှစ်သောင်းကျော်ကနေ ကျပ်ငါးသောင်းကျော်ထိ ဈေးနှုန်းမြင့်တက်နေတယ်လို့ စိုက်ပျိုးရေးသုံး ပစ္စည်းဈေးကွက်ကနေ စုံစမ်းသိရှိရပါတယ်။

သီးထပ်အနေနဲ့ စိုက်ပျိုးကြတဲ့ ဆန်အချောထွက်တဲ့ စပါးဟာ တင်းတစ်ရာကို ကျပ်၇၂၀,၀၀၀ သိန်း ပေါက်ဈေးရှိနေပြီး မကြာခင် မိုးစပါးအသစ်တွေထွက်ရှိတော့မှာ ဖြစ်တဲ့အတွက် စပါးဈေးဟာ ထပ်မံကျဆင်းလာမှာ ဖြစ်တယ်လို့ တောင်သူတွေက ဆိုပါတယ်။

“ချေးငွေတွေထုတ်ပေးတာမှာလည်း နောက်ကျတယ်ကွာ။ အပြင်ကချေးငွေတွေလည်းရှိတယ်ကွာ။ တကယ်စိုက်တော့ပျိုးတောမယ့် အချိန်လည်းကျရော မျိုးကတော့ လက်ထဲရှိနေလို့ ဘာမှမဖြစ်ပေမယ့် မြေဆီတွေ ဆေးတွေ ဈေးက မိုးထိုးနေတာ အခုနှစ်ဆလောက်တက်တယ်ဆိုတာ လက်ငင်းဈေးတွေ ။ လယ်သမားက ဆိုင်တွေကနေ စပါးပေါ်ပေးနဲ့ ယူကြတာချည်းပဲ။ အကြွေးနဲ့ကျ ပိုဈေးတက်တယ်ကွာ။ အခုစပါးဈေးက ၇သိန်းကျော်ပဲရှိတယ်။ အဲဒါအဟောင်းဈေး၊ အသစ်ထွက်ရင် ဈေးပိုကျမှာ ငါတို့က ငတ်ဖို့ပဲရှိတာပေါ့ဟ”လို့ ပဲခူးတိုင်းဒေသကြီးက တောင်သူတစ်ဦးက ပြောပါတယ်။

ဆန်ကုန်သည် ၊ စက်ပိုင်တွေအနေနဲ့လည်း ပြည်ပ စပါးဈေးကွက်ပျောက်ဆုံးနေပြီး ပြည်တွင်းဘဏ်လုပ်ငန်းတွေ မလည်ပတ်နိုင်တာ၊ လိုအပ်တဲ့ငွေတွေကို ထုတ်ယူလို့မရတာဟာ စပါးအသစ်ပေါ်ချိန်မှာ အခက်အခဲဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“အခုလိုအချိန်မှာ ဘယ်နိုင်ငံကိုမှသွားပို့ဖို့မလွယ်ဘူး။ မလွယ်တော့ ဈေးကကျမှာပဲ။ ပြီးတော့ စပါးဝယ်ဖို့ ပိုက်ဆံက ထုတ်မရဘူးလေ။ ငွေလွယ်နေရင် စက်ပိုင်ဆိုတာ ဈေးကွက်ရှိရှိမရှိရှိ လိုက်တော့ဝယ်ကြတယ် ။ စက်လည်နိုင်ဖို့အတွက်ကို လှောင်ထားကြတော့ ဝယ်ကြတာပဲ။ အခုက ဝယ်ဖို့မှ မလွယ်တာ လယ်သမားကို Kpayနဲ့ ရှင်းမရဘူး။ လာမယ့်နောက်တစ်လကျော်မှာ ဒီပြသနာက အကြီးအကျယ်တက်မှာ”လို့ ဧရာဝတီတိုင်းအတွင်းက ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ကုန်သည်နဲ့ ဆန်စက်ပိုင်ရှင်တွေ ဘဏ်ထဲကငွေတွေကို အလွယ်တကူ ထုတ်ယူလို့မရတာကလည်း စပါးအသစ်ပေါ်ချိန် တောင်သူတွေထံက စပါးဝယ်ယူနိုင်ရေးအတွက် အဟန့်အတားတစ်ခုဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သူ့ရဲ့ ရှမ်းပြည်နယ်ခရီးစဉ်မှာလည်း စပါးကို ပြည်ပတင်ပို့ရောင်းချဖို့အတွက် အားမပေးဘူးလို့ ဆိုခဲ့ပါတယ်။ ဒါဟာ မြေပြင်အခြေအနေနဲ့ တောင်သူတွေရင်ဆိုင်နေရတာကို မသိကျိုးကျွံပြုမူလိုက်တာ ဖြစ်ပါတယ်။

ပြည်တွင်းဆန်စက်တွေမှာ အဆင့်မှီစက်တွေ မပြည့်စုံသေးတာ ၊ တောင်သူတွေမှာ မျိုးသန့်စပါးနဲ့ ကန်ထရိုက်လယ်ယာစနစ်တွေ သီးနှံအာမခံမရှိသေးတာတွေကို အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က မသိတာပဲဖြစ်ပါတယ်။

စပါးဈေးနှုန်းကျဆင်းချိန်မှာ ပြည်ပကို စပါးတင်ပို့ဖို့ ချိတ်ဆက်ဆောင်ရွက်ဖို့ဆိုတာ ‌ေတာင်သူတွေအတွက် အခက်အခဲရှိပါတယ်။

ပြည်တွင်းမှာ ဆန်စားသုံးမှုအများဆုံးဟာ စပါးကြီးမျိုးနွယ်ပေါ်ဆန်းနဲ့ စပါးလတ်မျိုးနွယ် ဖြစ်ပါတယ်။ လယ်ယာမြေတိုင်းဟာ စပါးကြီး စိုက်ပျိုးခြင်း မရှိကြပါဘူး။ လယ်ယာမြေအမျိုးအစားအလိုက် စပါးမျိုးကွဲတွေ များပြားလွန်းလှပါတယ်။ စပါးဈေးနှုန်းဟာ လက်ရှိဈေးကွက်ပေါက်ဈေးထက် မြင့်တက်လာခြင်းမရှိဘူးဆိုရင် တောင်သူတွေအနေနဲ့ လာမယ့်နွေစပါးကို စိုက်ပျိုးနိုင်ဖို့ ခက်ခဲသွားနိုင်ပါပြီ။

သွင်းအားစုတွေကို နွေစပါးစိုက်ပျိုးရာမှာ ပိုမိုအသုံးပြုရတာပါ။ သွင်းအားစုစာရိတ်ကြီးမြင့်မှုကြောင့် မိုးစပါးမှာတောင် တောင်သူတွေက အရှုံးပေါ်မယ်ဆိုရင် နွေစပါး စိုက်ပျိုးဖို့အတွက် အခက်အခဲကြုံလာရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စပါးမစိုက်နိုင်တာကြောင့် ဈေးကွက်အဆင်ပြေနေဆဲဖြစ်တဲ့ ပဲပြောင်းစိုက်နိုင်ဖို့ကလည်း မြေအစိုဓာတ် လိုအပ်ချက်ကြောင့် လယ်ယာမြေတိုင်းဟာ ပဲစိုက်လို့ မရနိုင်ပါဘူး။

သွင်းအားစုဈေးနှုန်းမြင့်တက်တာ၊ စပါးဈေးတွေကျတာ၊ ပြည်ပဆန်တင်ပို့နိုင်ဖို့ လက်ရှိ အာဏာသိမ်းအစိုးရက အားမပေးတာတွေကြောင့် ယခုနှစ်ဟာ ဆယ်စုနှစ်တစ်ခုစာအတွင်းမှာ တောင်သူတွေအတွက် ရှုံးနိမ့်မှုအများဆုံး စိုက်ပျိုးရေးရာသီတစ်ခု ဖြစ်လာနိုင်တယ်လို့ တောင်သူတွေက သုံးသပ်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly