စစ်ကောင်ထံက ရရှိမည့် COVID-19 ရောဂါကာကွယ်ဆေးများကို မြို့နယ် ၆ ခုတွင် ထိုးပေးသွားမည်ဟု AA ပြော

စစ်ကောင်ထံက ရရှိမည့် COVID-19 ရောဂါကာကွယ်ဆေးများကို မြို့နယ် ၆ ခုတွင် ထိုးပေးသွားမည်ဟု AA ပြော

စက်တင်ဘာ ၂၁

စစ်ကောင်စီထံက ရရှိလာမည့် COVID-19 ရောဂါ ကာကွယ်ဆေးများကို ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ခြောက်ခုက ဒေသခံများကို ဦးစားပေးအနေဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ၎င်း၏ဖေ့စ်ဘွတ် စာမျက်နှာတွင် ယနေ့ စက်တင်ဘာ ၂၁ ရက်က ရခိုင်ဘာသာစကားဖြင့် ရခိုင်ပြည်သူများထံ အသိပေး ပြောဆိုလိုက်ခြင်း ဖြစ်သည်။

COVID-19 ရောဂါကာကွယ်ဆေးနှင့် ပတ်သက်ပြီး မည်သည့်နေရာတွင် ကာကွယ်ဆေးအလုံးရေ မည်မျှခန့် လိုအပ်ကြောင်း စစ်ကောင်ဘက်က ကမ်းလှမ်းမေးမြန်းလာမှုအပေါ် အဆင်ပြေသလောက် ပေးနိုင်သည်အထိ ပေးနိုင်‌ကြောင်း ပြန်လည် အကြောင်းပြန်ခဲ့သည်ဟု ဦးခိုင်သုခက ပြောသည်။

“ COVID-19 ကာကွယ်ဆေးအပါအဝင် အဲဒီရောဂါနဲ့ ပတ်သက်လို့ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေ၊ ကာကွယ်ဆေးတွေကို ဘယ်နေရာမှာ ဘယ်လောက်လိုအပ်လဲဆိုတာ ကျွန်တော်တို့ကို စကစ ဘက်က မေးဖူးတယ်။ မိမိတို့ဘက်ကလည်း အဆင်ပြေသလောက် ပေးနိုင်တဲ့အထိ ပေးနိုင်ကြောင်း အကြောင်းပြန်ထားပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီထံက COVID-19‌ ရောဂါ ကာကွယ်ဆေး အလုံးရေ လေးသောင်းခန့် ရရှိမည်ဟု ခန့်မှန်းထားပြီး မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့ရှိ မြို့နယ် ခြောက်ခုမှ ဒေသခံပြည်သူများကို ဦးစားပေးအနေဖြင့် ထိုးနှံပေးသွားမည်ဟု AA က ပြောထားသည်။

“အရေအတွက်ခန့်မှန်းခြေ လေးသောင်းဆိုရင် ဒီအတိုင်း စဉ်းစားထားပါတယ်။ အဲဒီထက်များရင်တော့ နောက်တစ်မျိုး ထပ်တိုးစဉ်းစားပြီး လုပ်ဆောင်သွားပါမယ်။ အရေအတွက် ဘယ်လောက်ရမှာလဲ။ ထိုးပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေက ဘယ်လောက်အထိ သွားရောက်ထိုးပေးနိုင်မလဲ။ ဘယ်အချိန်ထိုးပေးမှာလဲ ဆိုတဲ့အပေါ် မူတည်ပြီး ကာကွယ်ဆေးကို နည်းမှန်လမ်းမှန် ထိုး‌ပေးသွားမယ်” ဟု AA က ပြောသည်။

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ရခိုင်ပြည်သူအားလုံးကို COVID-19 ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်းနှင့် အခွင့်အရေးရပါက ကာကွယ်ဆေးကို လက်လွတ်မခံဘဲ မဖြစ်မနေ ထိုးနှံကြရန် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက AA ၏ ထုတ်ပြန်ချက်များတွင် တိုက်တွန်းထားသည်။

စေတနာနှင့် ရည်ရွယ်ချက်ကို မကွဲပြားနိုင်သည့် အနေအထားတွင် စစ်ရေး၊ လုံခြုံရေးဆိုင်ရာများကို အလေးအနက်ထား ဆောင်ရွက်ပြီး အခြေအနေကို သတိထား စောင့်ကြည့်ကာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဦးခိုင်သုခက ဆိုထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွက် COVID-19ရောဂါ ကာကွယ်ဆေးအလုံးရေ နှစ်သိန်းသုံးသောင်းနီးပါးခန့် ခွဲတမ်းရရှိထားပြီး ယနေ့ စက်တင်ဘာ ၂၁ ရက်တွင် အပြီးသတ်ရောက်ရှိမည်ဖြစ်ကာ ဦးစားပေးအုပ်စု ၁၆ အုပ်စုကို ထိုးနှံပေးသွားရန် စစ်ကောင်စီက စီစဉ်ထားသည်။

ကာကွယ်ဆေးထိုးပေးမည့် ၁၆ အုပ်စုတွင် AA တပ်ဖွဲ့ဝင်များ၊ အသက် ၅၅ နှစ်အထက် အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများနှင့် မသန်စွမ်းများလည်း ပါဝင်ကြောင်း သိရသည်။

AA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီဘက်က COVID-19ရောဂါ ကာကွယ်ဆေး ထိုးပေးမည်ဟု ပြောဆိုမှုနှင့် ပတ်သက်ပြီး AA ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက တစ်စုံတစ်ရာ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက စတင်ပြီး နှစ်နှစ်နီးပါးကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် တိုက်ပွဲများ ယာယီရပ်တန့်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly