လူ ၂၀ သေဆုံးခဲ့သည့် မုန်တိုင်းဒဏ်သင့်ခဲ့ရာ ဖိလစ်ပိုင်သို့ နောက်မုန်တိုင်းတစ်ခု ချဉ်းကပ်လာနေ

လူ ၂၀ သေဆုံးခဲ့သည့် မုန်တိုင်းဒဏ်သင့်ခဲ့ရာ ဖိလစ်ပိုင်သို့ နောက်မုန်တိုင်းတစ်ခု ချဉ်းကပ်လာနေ

ဖိလစ်ပိုင်နိုင်ငံ၌ တိုင်ဖုန်းမုန်တိုင်း မယ်လာ၏ ဒဏ်ကြောင့် နိုင်ငံမြောက်ပိုင်းတွင် ရေကြီးမှုများ ကြုံတွေ့နေရစဉ် နိုင်ငံတောင်ပိုင်းသို့ ဒီဇင်ဘာ ၁၈ ရက်တွင် နောက်မုန်တိုင်းတစ်ခု ဝင်တိုက်မည့် ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်။

အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ရသည့် မယ်လာတိုင်ဖုန်းမုန်တိုင်းက တောင်တရုတ်ပင်လယ်အတွင်း ရွေ့လျားသွားပြီးချိန် ဒေသအခေါ် အွန်ယော့ အပူပိုင်းလေဖိအားနည်းရပ်ဝန်းက မင်ဒါနာအို တောင်ပိုင်း ကျွန်းသို့ ဦးတည်လာလျက်ရှိနေသည်။

ဒီဇင်ဘာ ၁၄ ရက်က နိုင်ငံအရှေ့ပိုင်းသို့ ပစိဖိတ်သမုဒ္ဒရာမှ မယ်လာမုန်တိုင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး မုန်တိုင်းကြောင့် နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် သီတင်းပတ်ကြာ ရေကြီးမှုများ ကြုံတွေ့နေရသည်။

ဒီဇင်ဘာ ၁၆ ရက်တွင် မယ်လာမုန်တိုင်း ထွက်ခွာသွားခဲ့သော်လည်း စိုက်ခင်းများတွင် တစ်မီတာခန့် အနက်ရှိသည့် ရေလွှမ်းခြင်းများလည်း ကြုံတွေ့နေသည်။

ထိုသို့ရှိနေစဉ် တောင်ပိုင်းဒေသသို့ ဒီဇင်ဘာ ၁၈ ရက်၌ အွန်ယော့မုန်တိုင်း ဝင်ရောက်မည် ခန့်မှန်းထားခြင်းကြောင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိနေသည်။

အွန်ယော့က အပူပိုင်းလေဖိအားနည်းရပ်ဝန်းဖြစ်သော်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

ဖိလစ်ပိုင်နိုင်ငံသည် တစ်နှစ်လျှင် မုန်တိုင်း အကြိမ် ၂၀ ခန့် ရင်ဆိုင်နေရပြီး အများစုမှာ လူသေဆုံးမှု ဖြစ်ခဲ့ရသည့် မုန်တိုင်းကြီးများဖြစ်သည်။ သို့သော် မြောက်ပိုင်းဒေသများသို့ ပုံမှန်အားဖြင့် မုန်တိုင်းဝင်ရောက်ခြင်း မရှိတတ်ပေ။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ဝါရှီမုန်တိုင်းတိုက်ခတ်ခဲ့ရာတွင် လူပေါင်း ၁၂၀၀ ကျော်ထက်မနည်း သေဆုံးခဲ့ပြီး ပြီးခဲ့သည့်နှစ်က ဘိုဖာမုန်တိုင်းဝင်ရောက်ခဲ့၍ လူ ၁၉၀၀ ကျော် သေဆုံးပျောက်ရှခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly