ဗီယက်နမ်က ကျူးဘားနိုင်ငံထုတ် COVID-19 ကာကွယ်ဆေး ၁၀ သန်း ဝယ်ယူမည်

ဗီယက်နမ်က ကျူးဘားနိုင်ငံထုတ် COVID-19 ကာကွယ်ဆေး ၁၀ သန်း ဝယ်ယူမည်
Photo - AFP

စက်တင်ဘာ ၂၁

ကျူးဘားနိုင်ငံဟာ ယင်းရဲ့ ပြည်တွင်းထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖြစ်တဲ့ Abdala အလုံးရေ ၁၀ သန်းကို ဗီယက်နမ်နိုင်ငံထံ ရောင်းချပေးဖို့ စက်တင်ဘာ ၂၀ ရက်မှာ သ‌ဘောတူခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံကလည်း အဆိုပါ ကျူးဘား ကာကွယ်ဆေးကို နိုင်ငံမှာ အရေးပေါ် သုံးဖို့ ခွင့်ပြုချက် ထုတ်ပေးထားပြီး ဖြစ်ပါတယ်။

ဗီယက်နမ်သမ္မတ ငုရင် ရွှမ်ဖူ ကွန်မြူနစ်ကျွန်းနိုင်ငံဆီ သွားရောက်တဲ့ တရားဝင်ခရီးစဉ်တစ်ခုအတွင်း နှစ်နိုင်ငံအကြား ယခုလို ကာကွယ်ဆေး သဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။

သဘောတူညီချက်ဟာ ကနဦး ကာကွယ်ဆေးအလုံးရေ ငါးသန်း နဲ့ သက်ဆိုင်ပတ်သက်နေပေမယ့် ဗီယက်နမ်ဘက်က စုစုပေါင်း အလုံးရေ ၁၀ သန်း ဝယ်ယူမှုအတွက် ခွင့်ပြုပေးထားပြီး ဖြစ်တယ်လို့ ကျူးဘားမီဒီယာတွေက ဖော်ပြပါတယ်။

စက်တင်ဘာ ၁၈ ရက်မှာ ဗီယက်နမ်ဟာ ကျူးဘားရဲ့ Abdala ကာကွယ်ဆေးကို အရေးပေါ် သုံးဖို့ ခွင့်ပြုချက် ပေးတဲ့ ပထမဆုံး ပြည်ပနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ကျူးဘားမှာတော့ အဆိုပါ Abdala ကာကွယ်ဆေးကို အခြား ပြည်တွင်းထုတ် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ Soberana 02 နှင့်အတူ အသုံးပြုနေနှင့်ပြီး ဖြစ်ပါတယ်။

တချိန်တည်းမှာလည်းပဲ ဗင်နီဇွဲလားနိုင်ငံက Abdala ကာကွယ်ဆေး အလုံးရေ ၁၂ သန်း ဝယ်ဖို့ စာချုပ်တစ်ခု လက်မှတ်ထိုးထားသလို အီရန်ကလည်း သဘောတူညီချက်အောက်မှာ Soberana 02 ကာကွယ်ဆေးကို ထုတ်လုပ်နေပါတယ်။

အာဂျင်တီးနားနဲ့ မက္ကဆီကို တို့ကလည်း ကျူးဘား ကာကွယ်ဆေးတွေကို ဝယ်ယူဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ထားခဲ့ကြပါတယ်။

ပြီးခဲ့တဲ့အပတ်က ကျူးဘားတာဝန်ရှိသူတွေဟာ Abdala နဲ့ Soberana 02 တို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အတည်ပြုချက် ရဖို့ ကြိုးပမ်းတဲ့ လုပ်ငန်းစဉ်ကို စတင်ခဲ့ပါတယ်။

လက်တင် အမေရိကမှာ ပထမဆုံး ထုတ်လုပ်ထားတဲ့ အဆိုပါ ကာကွယ်ဆေးတွေကတော့ နိုင်ငံတကာ သိပ္ပံနည်းကျ ပညာရှင်အချင်းချင်း သုံးသပ်အကဲဖြတ်မှု (peer review) ကို မခံယူရသေးပါဘူး။

ကျူးဘား သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ အဆိုပါ ပြည်တွင်းထုတ်ကာကွယ်ဆေးတွေဟာ ရောဂါလက္ခဏာပြတဲ့ COVID-19 ကူးစက်မှုတွေကို ကာကွယ်ရာမှာ ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှု ရှိတယ်လို့ ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly