ပါကစ္စတန်တွင် လောင်စာဆီစျေးတက်မှုအတွက် ဝန်ကြီးချုပ် အီမရန် ခန်းကို အတိုက်အခံများ ဝေဖန်

ပါကစ္စတန်တွင် လောင်စာဆီစျေးတက်မှုအတွက် ဝန်ကြီးချုပ် အီမရန် ခန်းကို အတိုက်အခံများ ဝေဖန်

ပါကစ္စတန်နိုင်ငံတွင် လောင်စာဆီစျေးနှုန်းများ တိုးမြှင့်မှုနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် အီမရန် ခန်း ဦးဆောင်သည့် အစိုးရကို အတိုက်အခံပါတီများက စက်တင်ဘာ ၁၆ ရက်တွင် အပြင်းအထန် ဝေဖန်သွားခဲ့သည်။

ဝန်ကြီးချုပ် ခန်းသည် ဓာတ်ဆီ စျေးနှုန်းများကို နိုင်ငံ၏ သမိုင်းတလျောက် အမြင့်မားဆုံးလယ်ဗယ်သို့ တိုးမြှင့်ပြီး ပြည်သူများကို လိမ်ညာလှည့်ဖျားထားခဲ့ကြောင်း ပါကစ္စတန် ပြည်သူ့ပါတီ (PPP) ၏ ဥက္ကဋ္ဌ ဘီလာဝယ်လ် ဘူတို ဇာဒါရီက ပြောခဲ့သည်။

“ဒေါ်လာတန်ဖိုးနဲ့ ဓာတ်ဆီ စျေးနှုန်းတွေ သမိုင်းတလျောက် အမြင့်ဆုံးလယ်ဗယ်တွေမှာ ရောက်နေတော့ အရာအားလုံးဟာ ပြည်သူတွေ လက်လှမ်းမမီတဲ့ အခြေအနေ ဖြစ်နေပါတယ်” ဟု PPP ပါတီအကြီးအကဲက ပြောခဲ့ကြောင်း Dawn News သတင်းဌာနက ဖော်ပြသည်။

“ရေနံ ထုတ်ကုန်တွေရဲ့ စျေးနှုန်းတွေကို တိုးမြှင့်မှုကနေ ကောက်ယူရရှိတဲ့ ရူပီး ဘီလီယံများစွာကို ဒီ ဘာမှ အစွမ်းအစရှိတဲ့ ပီတီအိုင် အစိုးရက ဖြုန်းတီးပစ်ပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောသည်။

အလားတူ ဓာတ်ဆီ စျေးနှုန်းများ ထိုးတက်ထားပြီးနောက် ပြည်သူများ ကြုံနေခဲ့ရသည့် ဆင်းရဲဒုက္ခများအပေါ် ဝန်ကြီးချုပ် ခန်းဘက်က ပြယ်ရယ်သရော်မှု မပြုလုပ်ရန် ပါကစ္စတန် မွတ်ဆလင် အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ၏ ပြန်ကြားရေးအတွင်းရေးမှူး မာရီယမ် အူရန်ဇက်ဘ်က ပြောသည်။

“ပါကစ္စတန် ပြည်သူတွေဟာ သူတို့ ရှင်သန်နေထိုင်ဖို့အတွက် ဂျုံမှုန့်နဲ့ သကြား ဝယ်ဖို့တောင် ပိုက်ဆံ မရှိပါဘူး၊ ဒီအချိန်မှာ အီမရန် ခန်းက သူတို့ကို မြင်းတွေ၊ စက်ဘီးတွေ ဝယ်စေချင်နေပါတယ်” ဟုလည်း သူမက ပြောသည်။

စျေးနှုန်း ထိုးတက်ထားပြီးနောက် ပါကစ္စတန်တွင် ဓာတ်ဆီ စျေးနှုန်းသစ်များမှာ တစ်လီတာလျင် ပါကစ္စတန်ရူပီး ၁၂၃.၃၀ ၊ ဒီဇယ်စျေးနှုန်းက တစ်လီတာလျင် ရူပီး ၁၂၀.၀၄ ရှိမည် ဖြစ်သည်။ နိုင်ငံတဝန်း ဒီဇယ်နှင့် ဓာတ်ဆီ စျေးနှုန်းများမှာ ၅ ရူပီးနှုန်း မြင့်တက်ထားခဲ့ကြောင်း The News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required