နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ် ဒေသခံ ၄ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ် ဒေသခံ ၄ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ၊လျှော်ဖြူကျေးရွာအုပ်စု ၊လျှော်ဖြူ(အလယ်ရွာ)တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ လေးဦးသေဆုံးကာ လေးဦးဒဏ်ရာရသွားပြီး ‌လူနေအိမ် သုံးလုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက သတင်းပေးပို့လာသည်။

လျှော်ဖြူ(အလယ်ရွာ) စာသင်ကျောင်းတွင် စစ်ကောင်စီတပ်က အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားပြီး စက်တင်ဘာ ၂၀ ရက် ည ၁၂ နာရီခန့်က အဆိုပါ တပ်စွဲထားသည့် နေရာမှ လူနေအိမ်များဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ဒေသခံ လေးဦး မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု သိရသည်။

" စစ်ကောင်စီဘက်က မူးရူးပြီးပစ်တာ ။ လက်နက်ကြီးလို ဟိန်းနေတဲ့အသံက ရှစ်ချက်လောက် ရှိတယ်ဗျ။ စက်သေနတ်သဘောမျိုးနဲ့ကတော့ ဆက်တိုက်ပစ်တာ၊ သေဆုံးတဲ့ လေးယောက်ကို စစ်သားတွေက သယ်သွားတယ်။ ဘယ်ကို သယ်သွားလဲတော့ မသိဘူး။ သေဆုံးသူရဲ့အိမ်က ဒဏ်ရာရတဲ့လူတွေကို မန္တလေးဆေးရုံကြီးမှာ တင်ထားတယ်လို့ သိရတယ်။ ပေါင်ကိုကျည်မှန်တဲ့တစ်ယောက်ကတော့ ရွာကဘုန်းကြီးကျောင်းကားနဲ့ ဆေးရုံပို့ပေးရတာဗျ" ဟု ဒေသခံတစ်ဦးက မဇ္စျိမကို ပြောသည်။

နွာထိုးကြီးမြို့နှင့် ရှစ်မိုင်ခန့်ကွာဝေးသည့် လျှော်ဖြူ(အလယ်ရွာ)ရှိ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်က အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသည်မှာ ၁၀ ရက်ခန့် ရှိပြီဖြစ်ပြီး လက်ရှိတွင် သေဆုံးခဲ့ရသူများ၏ အိမ်ကို စစ်ကောင်စီတပ်သား ငါးဦးခန့်စီ အစောင့်ချထားသည်ဟု သိရသည်။

လျှော်ဖြူကျေးရွာတွင် စစ်ကောင်စီတပ်များ၏ အကြောင်းမဲ့ပစ်ခတ်မှုများကြောင့် စက်တင်ဘာ ၁၁ ရက်ကလည်း ဆိုင်ကယ်စီးပြည်သူနှစ်ဦးမှ တစ်ဦး‌သေဆုံးခဲ့ရပြီး ‌တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပစ်ခတ်မှုများကြောင့် လျှော်ဖြူကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ရွာများမှ ဒေသခံများမှာ ကြောက်ရွံ့စိုးရိမ်‌နေကြကြောင်း သိရသည်။

ဓာတ်ပုံ - လက်နက်ကြီးကျည် ကျသည့် အိမ်၏အနီးမှ ကျည်မှန်သည့် အိမ်များ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly