စပိန်မီးတောင် ပေါက်ကွဲရာမှာ ချော်ရည်တွေကြောင့် အိမ်ခြေ ၁၀၀ နီးပါး ပျက်စီး 

စပိန်မီးတောင် ပေါက်ကွဲရာမှာ ချော်ရည်တွေကြောင့် အိမ်ခြေ ၁၀၀ နီးပါး ပျက်စီး 

စက်တင်ဘာ ၂၁

စပိန်နိုင်ငံ ကန်နာရီကျွန်းစုမှာ မီးတောင်ပေါက်ကွဲမှုဖြစ်ပြီး နောက်တစ်ရက်မှာ ချော်ရည်တွေ တစ်ဟုန်ထိုး စီးဆင်းလာတာကြောင့် အိမ်ခြေပေါင်း ၁၀၀ နီးပါး ပျက်စီးရသလို လူပေါင်း ၅၅၀၀ ကျော်ကိုလည်း အဲဒီ ဧရိယာကနေ ထွက်ခွာကြဖို့ အတင်းအကြပ် အမိန့်ပေးထားကြောင်း အာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောပါတယ်။ 

လာမယ်မာကျွန်းပေါ်က ကမ်ဘရီ ဗီဂျားမီးတောင်ဟာ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး ကောင်းကင်ထဲ မီးခိုးလုံးမည်းတွေ လွင့်တက်နေခဲ့ကာ ပွင့်ထွက်လာတဲ့ ချော်ရည်ပူတွေဟာလည်း တောင်စောင်းတစ်လျှောက် စီးဆင်းလာခဲ့တာပါ။ 

“အကောင်းဆုံး သတင်းကတော့ လူ့ အသက်သေဆုံး လုံးဝ မရှိတာပါပဲ”လို့ ကျွန်းရဲ့ ဒေသအကြီးအကဲ အိန်ဂျယ်ဗစ်တာတောရက်စ်က ပြောပါတယ်။ 

ကန်နာရီကျွန်းစု မီးတောင်တိုင်းတာရေးအဖွဲ့ Involcan အရ ချော်ရည်တွေဟာ တစ်နာရီကို မီတာ ၇၀၀ နှုန်းနဲ့ ရွေ့လျားစီးဆင်းပြီး အပူချိန်က ၁၀၀၀ ဒီဂရီ ဆဲလ်စီးရပ်စ်အထိ ရှိတယ်လို့ သိရပါတယ်။ 

ချော်ရည်တွေက ည ၈ နာရီဝန်းကျင်မှာ ကမ်းရိုးတန်းဆီ ရောက်ရှိလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ 

မီးတောင်ပေါက်ကွဲရာ ကျွန်းမှာ ဒေသခံပေါင်း ၈၅၀၀၀ နီးပါး နေထိုင်ကြတာဖြစ်ပြီး ဒီ မီးတောင်ဟာ လွန်ခဲ့တဲ့ နှစ် ၅၀ က တစ်ကြိမ် ပေါက်ကွဲမှု ဖြစ်ထားခဲ့တာပါ။ အခု မီးတောင်ပေါက်ကွဲမှုမှာ အိမ်ခြေပေါင်း ၁၀၀ နီးပါး ပျက်စီးဆုံးရှုံးတယ်လို့ လော့စ်လန်နော့စ် ဒီအရီယက်ဒ်နီမြို့ ကောင်စီဝင် လိုရီနာ ဟာနန်ဒက်ဇ်က ဆိုပါတယ်။ 

တောင်စောင်းကနေ တစ်ဖြည်းဖြည်း စီးဆင်းလာတဲ့ ချော်ရည်ပူတွေ မြစ်ပြင်ကြီးသဖွယ် စီးဆင်းတာကို လူမှုမီဒီယာပုံရိပ်တွေမှာ မြင်တွေ့ရပါတယ်။ ချော်ရည်တွေမှာ မီးတောက်မီးလျှံတွေပါ ထွက်ရှိနေပြီး စီးဆင်းရာ လမ်းကြောင်းက သစ်ပင်တွေနဲ့ အိမ်တွေကို လောင်ကျွမ်းပျက်စီးစေပါတယ်။ 

မြင်ရတဲ့ မြင်ကွင်းက ‘ဝမ်းနည်းစိတ်မကောင်းဖွယ်ရာ’ ပဲလို့ လာပယ်မာမြို့ ထိပ်တန်းတာဝန်ရှိသူ မာရီယာမို ဟာနန်ဒက်ဇ် ဇာပါတာက ပြောပါတယ်။ ချော်ရည်ထုက ပျမ်းမျှ ခြောက်မီတာခန့်ရှိတယ်လို့ ဆိုပါတယ်။ 

“ချော်ရည်တွေထဲ သူလမ်းကြောင်းက အရာဟူသမျှ ဝါးမျိုးခံရတော့တာပဲ၊ အိမ်ခြေတွေ ဘယ်လောက်များ အငွေ့ပျံ့သွားတယ်ဆိုတာ ကြည့်မြင်နေရတဲ့ စိတ်မကောင်းဖွယ်ရာ မြင်ကွင်းပါပဲ”လို့ သူက စပိန် အများပိုင်ရုပ်သံကို ပြောပါတယ်။ 

အိမ်တွေက ဘေးလွတ်ရာ ရွှေ့ပြောင်းခံရတဲ့ ဒေသခံ ထောင်ပေါင်းများစွာဟာလည်း စိတ်နှလုံး ညိုးငယ်နေပြီး နေအိမ်ဆီ ပြန်သွားနိုင်ဖို့ ဖြစ်ပါ့တော့မလားလို့ တော်တော်များများက ပူပန်နေကြပါတော့တယ်။ 

“အခုတော့ ကျွန်မတို့ သတင်းတွေကို ကြည့်နေတယ်၊ ချော်ရည်တွေက ကျွန်မတို့ အိမ်တွေကနေ မီတာ ၇၀၀ ဆီ ရောက်နေတယ်၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ကျွန်မ တကယ်ပဲ စိုးရိမ်ပူပန်နေမိတယ်”လို့ ခင်ပွန်းနဲ့ သားဖြစ်သူနဲ့အတူ ဘေးလွတ်ရာ ရွှေ့ပြောင်းလာတဲ့ အန်ဂျီက အေအက်ဖ်ပီကို ပြောပါတယ်။ 

“ရဲတွေက ကျွန်မတို့ကို ကိုယ်ရဲ့ ပစ္စည်းပစ္စယတွေ သယ်ယူရွှေ့ပြောင်းဖို့ အချိန် သုံးမိနစ်ပဲ ပေးတယ်၊ ဒါဟာ တော်တော်လေး အချိန်နည်းလွန်းတယ်”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly