ဒီးမော့ဆိုတွင် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ KNDF တပ်ဖွဲ့ဝင်ကျဆုံး

ဒီးမော့ဆိုတွင် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ KNDF တပ်ဖွဲ့ဝင်ကျဆုံး

စက်တင်ဘာ ၂၀

ကယားပြည်နယ်(ကရင်နီ)၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီ‌ကျေးရွာအနီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့်‌ ပစ်ခတ်ခဲ့ပြီး တိုက်ပွဲအတွင်း KNDF တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး တပ်ဖွဲ့၀င်အချို့ ဒဏ်ရာရကြောင်း KNDFပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

ဒေါပိုးစီရွာဘက်သို့ စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်အုပ်စုနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ (KNDF, KA)တို့ ယနေ့စက်တင်ဘာ ၂၀ ရက် နေ့လည် ၁၁ နာရီတွင်တစ်ကြိမ်၊ ညနေ ၄ နာရီဝန်းကျင်တွင်တစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း KNDF ဘက်မှ တစ်ဦး ကျဆုံးကာ လေးဦး ဒဏ်ရာရကြောင်းသိရပြီး “ကျဆုံးသွားသော တပ်ဖွဲ့ဝင်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်ကျောက်တင် အလေးပြုပါတယ်” ဟု KNDF ကထုတ်ပြန်ထားသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေါပိုးစီ‌ကျေးရွာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်များက ညနေပိုင်းအထိ ရှိနေဆဲဖြစ်ကြောင်းလည်း သိရသည်။

“ KNDF ၊ KA ပူးတွဲတပ်တွေနဲ့ စစ်ကောင်စီနဲ့ ဒီညမှာတိုက်ပွဲဖြစ်နိုင်ချေလည်း အများကြီးရှိတယ်ဆိုတာလည်း ပြောပြချင်ပါတယ် ” ဟု KNDF ပြောခွင့်ရသူကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ကယားပြည်နယ်အတွင်း စစ်အင်အားများတိုးချဲ့နေပြီး လွိုင်ကော်မြို့ရှိ လေယာဉ်ကွင်းတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်များက တပ်စွဲထားကြောင်းနှင့် လေယာဉ်ဆင်းသံကြားရကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲအပြီးတွင်လည်း ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့တို့ရှိ စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် ညနေ ၆ နာရီအထိ ပစ်ခတ်နေသေးကြောင်း KNDF ပြောခွင့်ရသူက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်နှစ်လုံးသည် တိုက်ပွဲနှင့်မဆိုင်သည့် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာရွာထဲသို့ကျသဖြင့် ရွာသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီသတင်းအချက်အလက်စင်တာ (KnIC) ကဖော်ပြသည်။

ဒေသခံများစစ်ပြေးရှောင်နေကြသဖြင့် လူမရှိ‌တော့ သည့် ဒီးမော့ဆိုမြို့နယ်အတွင်းက နေအိမ်များတွင်အကြမ်းဖက်စစ်ကောင်စီတပ်များက အရပ်ဝတ်များ ဖြင့်ပုန်းခို တိုက်ခိုက်မှုများပြုလုပ်နေခြင်းဖြစ်ပြီး ဖောက်ထွင်းဖျက်ဆီးခြင်းများလည်း လုပ်ဆောင်နေ‌ ကြောင်း KNDF ကထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required