ပါကစ္စတန်ရှိ ဗုဒ္ဓဘာသာ အမွေအနှစ်များ ပျက်စီးမှုက သီရိလင်္ကာနှင့် ဆက်ဆံရေးကို ထိခိုက်စေနိုင်

By Islam khabar
20 September 2021
ပါကစ္စတန်ရှိ ဗုဒ္ဓဘာသာ အမွေအနှစ်များ ပျက်စီးမှုက သီရိလင်္ကာနှင့် ဆက်ဆံရေးကို ထိခိုက်စေနိုင်

တောင်အာရှဒေသ၌ ပြိုင်ဘက် အိန္ဒိယ၏ လွှမ်းမိုးမှုကို လျော့ပါးစေရန်အတွက် ပါကစ္စတန်သည် သီရိလင်္ကာနှင့်အကြား ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းလျက် ရှိသည်။ သီရိလင်္ကာပြည်သူများနှင့်အကြား ရင်းနှီးမှု နှောင်ဖွဲ့ရန် ပါကစ္စတန်ရှိ ဗုဒ္ဓဘာသာဆိုင်ရာ နေရာများသို့ ခရီးသွားလာခြင်းကို မြှင့်တင်အားပေးခြင်းအားဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်နိုင်မည့် နည်းလမ်းတစ်ခုကို တွေ့ရှိထားခဲ့သည်။

သို့ရာတွင် လူတိုင်းအတွက် စိုးရိမ်ထိတ်လန့်စေသည့် အခြေအနေတစ်ခုအဖြစ် ပါကစ္စတန်ရှိ အမွေအနှစ် ဆိုဒ်နေရာများတွင် ဗုဒ္ဓ ရုပ်တုတော်များ၊ စေတီများနှင့် ဗုဒ္ဓဆင်းတုတော်များ ပြိုပျက်မှုများ ပျံ့နှံ့ဖြစ်ပေါ်ထားသည်ကို တွေ့ရှိထားရပြီး အထူးသဖြင့် ဆွက်ချိုင့်ဝှမ်းဒေသတွင် ဖြစ်သည်။

ထို့ပြင် တရုတ် ငွေကြေးထောက်ပံ့သော Diamer-Bhasha ဆည် စီမံကိန်း (ရေအားလျှပ်စစ် စက်ရုံ) သည်လည်း ပါကစ္စတန် ထိန်းချုပ်သည့် ကက်ရှ်မီးယား၏ ဂီလ်ဂစ်-ဘယ်လ်တစ်တန် ဧရိယာရှိ ဗုဒ္ဓဘာသာ မူလဇာစ်မြစ် ဖြစ်သည့် ပိဋကတ်ကျမ်းများနှင့် ပကတိအတိုင်းရှိနေသော ရုပ်တု ၃၀,၀၀၀ အထိကို ပျက်ဆီးစေမည့် အခြေအနေ ရှိနေသည်။

အဆိုပါ အခြေအနေအားလုံးက အာဖဂန်နစ္စတန်၏ ဘာမီယန် တောင်ကြားရှိ တောင်စောင်းတွင် ထွင်းထုထားခဲ့သော နှစ်သက်တမ်း ၂၀၀၀ ရှိ ကြီးမားသည့် ဗုဒ္ဓဆင်းတုတော် နှစ်ဆူ ဖျက်ဆီးခံရသည့် ကြောက်မက်ဖွယ် အမှတ်ရစရာများကို ပြန်ပြောင်း သတိယစေသည်။

ယင်းတို့က ဘာသာရေး ခရီးသွားလာမှုကို အကြောင်းရင်းတစ်ခုအဖြစ် အသုံးပြုပြီး သီရိလင်္ကာနှင့်အကြား ဆက်ဆံရေး တိုးမြှင့်လိုသည့် ပါကစ္စတန်အစိုးရ၏ အစီအစဥ်များအတွက် လက္ခဏာကောင်းများ မဟုတ်သည်က သေချာနေသည်။

ပြီးခဲ့သည့် လအနည်းငယ်အကြာက ပါကစ္စတန်သမ္မတ ဒေါက်တာ အရစ်ဖ် အယ်လ်ဗီသည် အစ္စလမ်မာဘတ်၌ သီရိလင်္ကာ ဗုဒ္ဓဘုန်းတော်ကြီးများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တစ်ခုနှင့် တွေ့ဆုံခဲ့စဥ် သီရိလင်္ကာပြည်သူများနှင့်အကြား နီးကပ်စွာ ရင်းနှီးမှု ရ‌ရေး ကြိုးပမ်းထားခဲ့သလို နှစ်ဘက် ဆက်ဆံရေး တိုးမြှင့်ရန်အတွက် ဘာသာရေးဆိုင်ရာ ခရီးသွားလာမှုက ထူးကဲသည့် ပလက်ဖောင်းတစ်ခုဖြစ်သည်ဟုလည်း ၎င်းက ပြောခဲ့သည်။

သို့သော် ပါကစ္စတန် အစိုးရသည် နိုင်ငံတွင် ဗုဒ္ဓဘာသာ အမွေအနှစ် ဆိုဒ်နေရာများကို အစွန်းရောက်သည့် ဘာသာရေး အယူသန်သူများ၏ ရန်ကနေ ကာကွယ်တားဆီးရန် အစဥ်အမြဲ ပျက်ကွက်ထားခဲ့သည်။

၂၀၂၀ ပြည့်နှစ်က ပါကစ္စတန် အနောက်မြောက်ပိုင်း ခိုင်ဘာ ပါ့ခ်တွမ်ခွာ ပြည်နယ်တွင် ပါကစ္စတန်လူတစ်စုက နှစ်သက်တမ်း ၁,၇၀၀ ရှိ ဆင်းတုတော်တစ်ဆူကို ဖြိုဖျက်ခဲ့သည်။

ထို ဆင်းတုတော်သည် အင်မတန် အရေးပါခဲ့ပြီး ယင်းက ဗုဒ္ဓဘာသာ ဆိုင်ရာ ယဥ်ကျေးမှု၏ အဓိက မူလဘူတ အစပျိုးရာတစ်ခုအဖြစ် ကမ္ဘာတဝန်း သိခဲ့ကြသည့်အတွက်ကြောင့် ဖြစ်သည်။

ထို ဆင်းတုတော်ကို မလေးမစား၊ မတော်တလျော် လုပ်မှု ဖြစ်စဥ်တစ်ခုလုံးကို မိုဘိုင်းဖုန်းတစ်လုံးဖြင့် ရိုက်ကူးခဲ့ပြီး ထို ဖြိုဖျက်သည့် ဗီဒီယိုသည် ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ခဲ့သည်။ အရပ်ဘက် တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ယင်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ခဲ့ချိန် ပါကစ္စတန်နိုင်ငံသား အများအပြားက ထို မသင့်လျော်သည့် လုပ်ရပ်ကို ထောက်ခံခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly