ဝါရှင်တန်ရှိ တိုင်ပေ ကိုယ်စားလှယ်ရုံးကို ‘ထိုင်ဝမ်’ စကားလုံး ထည့်ကာ အမည်ပြောင်းလဲမှု မရှိစေရေး တရုတ်က အမေရိကန်ကို သတိပေး

By Sify/ ANI
20 September 2021
ဝါရှင်တန်ရှိ တိုင်ပေ ကိုယ်စားလှယ်ရုံးကို ‘ထိုင်ဝမ်’ စကားလုံး ထည့်ကာ အမည်ပြောင်းလဲမှု မရှိစေရေး တရုတ်က အမေရိကန်ကို သတိပေး

ဝါရှင်တန်ရှိ တိုင်ပေ စီးပွားရေးနှင့် ယဥ်ကျေးမှု ကိုယ်စားလှယ်ရုံးကို ထိုင်ဝမ်ကိုယ်စားလှယ်ရုံးအဖြစ် အမည် ပြောင်းလဲမှုကို အသိအမှတ်မပြုရေးအတွက် တရုတ်က အမေရိကန်ကို သတိပေးခဲ့သည်။ တစ်ဆက်တည်းမှာပင် တရုတ် တနိုင်ငံတည်း စည်းမျဥ်းမူအတိုင်း လိုက်နာရန် တရုတ်က အမေရိကန်ကို တိုက်တွန်းခဲ့သည်။

ထိုင်ဝမ်အစိုးရဘက်မှ ဝါရှင်တန်ရှိ ယင်း၏ ကိုယ်စားလှယ်ရုံး၏ အမည်တွင် ‘ထိုင်ဝမ်’ စကားလုံး ထည့်သွင်းပြောင်းလဲရန် လုပ်ဆောင်မှုကို ခွင့်ပြုရေးအပေါ် အမေရိကန်အနေဖြင့် “အလေးအနက် စဥ်းစားနေ” သည်ဟု သတင်းများ ထွက်နေချိန် ယခုကဲ့သို့ တရုတ်၏ သတိပေးမှု ပေါ်လာခြင်း ဖြစ်ကြောင်းနှင့် ကိုယ်စားလှယ်ရုံး အမည်ပြောင်းလဲခြင်း ကိစ္စက ပေကျင်းကို အမျက်ဒေါသထွက်စေမည့် ကိစ္စတစ်ခုပင် ဖြစ်ကြောင်း Financial Times က စက်တင်ဘာ ၁၁ ရက်က ဖော်ပြသည်။

ကိုယ်စားလှယ်ရုံးအမည်ပြောင်းလဲခြင်းဆိုင်ရာ သတင်းနှင့်ပတ်သက်ပြီး ပေကျင်းဘက်က အမေရိကန်ဘက်သို့ အလေးအနက် ကန့်ကွက်တင်ပြမှု လုပ်ဆောင်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

“အမေရိကန်အနေနဲ့ တရုတ် တနိုင်ငံတည်း မူဝါဒစည်းမျဥ်းနဲ့ တရုတ်-အမေရိကန် ပူးတွဲ ကြေညာချက်သုံးခုအတိုင်း လိုက်နာသင့်ပါတယ်၊ ပြီးတော့ ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ ကတိကဝတ်တွေကို စောင့်ထိန်းသင့်ပါတယ်၊ နောက်ပြီး အမေရိကန်မှာ ရှိတဲ့ တိုင်ပေ စီးပွားရေးနဲ့ ယဥ်ကျေးမှု ကိုယ်စားလှယ်ရုံးကို ‘ထိုင်ဝမ်ကိုယ်စားလှယ်ရုံး’ အဖြစ် အမည်ပြောင်းတာမျိုး မလုပ်တာ အပါအဝင် ထိုင်ဝမ်နဲ့အကြား တရားဝင် အပြန်အလှန် သွားလာဖလှယ်မှုတွေ၊ ထိုင်ဝမ်နဲ့အကြား ဆက်ဆံရေးကို ထိထိရောက်ရောက် မြှင့်တင်မှု ပုံစံအားလုံးကို ရပ်ဆိုင်းသင့်ပါတယ်၊ ဒါ့အပြင် ‘ထိုင်ဝမ် လွတ်လပ်ရေး ခွဲထွက်ရေး အင်အားစု’ တွေကို မှားယွင်းတဲ့ အချက်ပြမှုတွေ ပေးတာတွေကိုလည်း ရပ်ဆိုင်းသင့်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက ပြောခဲ့သည်။

“အမေရိကန်အနေနဲ့ ထိုင်ဝမ်ကိစ္စကို နှိုင်းနှိုင်းချင့်ချင့် ဆင်ဆင်ခြင်ခြင် နည်းလမ်းတစ်ခုနဲ့ပဲ ကိုင်တွယ်သင့်ပါတယ်၊ အဲဒီကနေတဆင့် တရုတ်-အမေရိကန် ဆက်ဆံရေးကို ကြီးကြီးမားမား မထိခိုက်စေအောင်၊ ထိုင်ဝမ် ရေလက်ကြားတလျောက် တည်ငြိမ်မှု၊ အေးချမ်းမှုကို မထိခိုက်စေအောင် လုပ်သင့်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ထိုင်ဝမ်သည် အမေရိကန်မြို့တော်ရှိ ယင်း၏ မစ်ရှင်အမည်ကို ‘တိုင်ပေ စီးပွားရေးနှင့် ယဥ်ကျေးမှု ကိုယ်စားလှယ်ရုံး’ အဖြစ်ကနေ ‘ထိုင်ဝမ်ကိုယ်စားလှယ်ရုံး’ အဖြစ် အမည်ပြောင်းလဲရန် ပြီးခဲ့သည့်မတ်လက တောင်းဆိုထားခဲ့ကြောင်း အမေရိကန်ဌာနတွင်း ဆွေးနွေးမှုများကို သိရှိသူများကို ကိုးကားပြီး သတင်းစာက ဖော်ပြခဲ့သည်။

အမေရိကန်သည် ယင်း၏ သံတမန်ရေးဆိုင်ရာ အသိအမှတ်ပြုမှုကို ၁၉၇၉ ခုနှစ်တွင် တိုင်ပေကနေ ပေကျင်းသို့ ပြောင်းလဲထားခဲ့သည်။

သို့သော် ၁၉၇၉ ၌ အမေရိကန် ကွန်ဂရက်က အတည်ပြုခဲ့သည့် ထိုင်ဝမ် ဆက်ဆံရေး အက်ဥပဒေ အောက်တွင် ဝါရှင်တန်သည် ထိုင်ဝမ်နှင့်အကြား တရားဝင် မဟုတ်သော်လည်း ထိရောက်ပြီး ခြေခြေမြစ်မြစ် ဖြစ်သည့် ဆက်ဆံမှုများကို ထိန်းသိမ်းထားသလို အဆိုပါ ထိုင်ဝမ်ကျွန်းကို ယင်း၏ ခုခံကာကွယ်မှုပိုင်းအတွက် ဒေါ်လာ ဘီလီယံများနှင့်ချီတန်ကြေးရှိ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးထားကြောင်း Kyodo News က ဖော်ပြသည်။

ဇန်နဝါရီလက စတင်တာဝန်ထမ်းနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည်လည်း ၎င်း၏ ယခင်လူဖြစ်သည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ မူဝါဒများအတိုင်း အလားတူပင် ထိုင်ဝမ်နှင့်အကြား နီးကပ်သည့် ဆက်ဆံရေးကို ဆက်လုပ်နေသလို တချိန်တည်းမှာပင်

လူ့အခွင့်အရေး၊ ကုန်သွယ်ရေးနှင့် အခြားကိစ္စရပ်များနှင့်ပတ်သက်ပြီး တရုတ်အပေါ် တင်းမာသည့် ရပ်တည်ချက်တစ်ခု ချမှတ်လုပ်ဆောင်လျက် ရှိသည်။

တရုတ်ပြည်မကြီး၏ အရှေ့တောင် ကမ်းရိုးတန်း ပြင်ပတွင် တည်ရှိပြီး လူဦးရေ ၂၄ သန်းနီးပါးဖြင့် ဒီမိုကရေစီကျင့်သုံးသည့် ထိုင်ဝမ်ကို အချုပ်အချာ အပြည့်အဝ ပိုင်ကြောင်း ပေကျင်းက ပြောထားသည်။ သို့သော် နှစ်ဘက်စလုံးသည် ဆယ်စုနှစ်ခုနစ်စုကျော်ကြာ သီးခြားစီ အုပ်ချုပ်ထားခဲ့သည်။

အခြားတစ်ဘက်တွင် ထိုင်ဝမ်သည်လည်း အမေရိကန် အပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့်အကြား မဟာဗျူဟာကျ ပတ်သက်ဆက်ဆံမှုများကို တိုးမြှင့်လုပ်ဆောင်ရင်း တရုတ်၏ ရန်လိုမှုကို တန်ပြန်ထားခဲ့သည်။ ယင်းကဲ့သို့ ဒီမိုကရေစီနိုင်ငံများနှင့်အကြား တိုးမြှင့်ဆက်ဆံမှုအပေါ် ပေကျင်းက ထပ်တလဲလဲ ဆန့်ကျင်ထားသည်။ ‘ထိုင်ဝမ်၏ လွတ်လပ်ရေး’ က စစ်ပွဲဟု အဓိပ္ပါယ် ရှိကြောင်း တရုတ်က ခြိမ်းခြောက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly