ယူကေဆိုင်ရာ တရုတ်သံအမတ် ဗြိတိန်ပါလီမန်၌ ဝင်ခွင့်ပိတ်ပင်ခံရ

By Justearth News
20 September 2021
ယူကေဆိုင်ရာ တရုတ်သံအမတ် ဗြိတိန်ပါလီမန်၌ ဝင်ခွင့်ပိတ်ပင်ခံရ

ယူကေဆိုင်ရာ တရုတ်သံအမတ်ကြီးသည် ဗြိတိန်နိုင်ငံ၏ ပါလီမန်အခမ်းအနားတစ်ခုတွင် တက်ရောက်ခွင့် ပိတ်ပင်တားမြစ်ခံခဲ့ရကြောင်း မီဒီယာသတင်းများက စက်တင်ဘာ ၁၅ ရက်တွင် ဖော်ပြသည်။

တရုတ်သံအမတ်ကြီး ကျန်းဇီကွမ်းသည် စက်တင်ဘာ ၁၅ ရက်၌ ပါတီစုံအဖွဲ့တစ်ခုက ကြီးမှူးကျင်းပခဲ့သည့် ဗြိတိန်အောက်လွှတ်တော် အစည်းအဝေးအခမ်းအနားတစ်ခုသို့ တက်ရောက်ရန် စီစဥ်ထားခဲ့သည်ဟု ဘီဘီစီက ဖော်ပြသည်။

သို့သော် ကန့်ကွက်မှုများ ရှိခဲ့ပြီးနောက် ၎င်းကို ပါလီမန် တက်ခွင့်မပြုရန် ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဆာ လင်ဒ်ဆေး ဟွိုင်လီ နှင့် အထက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန် မက်ဖောတို့က ဆုံးဖြတ်ခဲ့သည်ဟု ဗြိတိန်မီဒီယာက ဖော်ပြသည်။

ထိုဖြစ်စဥ်အပေါ် ယူကေရှိ တရုတ်သံရုံးက တုံ့ပြန်ခဲ့ပြီး ယင်းက ယူကေရှိ လူပုဂ္ဂိုလ်တစ်ချို့၏ အမြင်ကျဥ်းမြောင်းသော စိတ်ကို ထင်ဟပ်ပြသနေသည်ဟု ယင်းက ပြောခဲ့သည်။

“ဒါက ရေရှည်ကို မကြည့်တတ်တဲ့၊ အဆင်အခြင်မဲ့တဲ့၊ သူရဲ‌ဘောကြောင်တဲ့ လုပ်ရပ်တစ်ခုပါပဲ၊ ဒီအပေါ်မှာ မိမိတို့ဘက်က စက်ဆုပ်ရွံရှာမိသလို အပြင်းအထန် ရှုတ်ချပါတယ်” ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

“ပြီးခဲ့တဲ့ မတ်လက ကြေညာထားခဲ့တဲ့ ယူကေမှာရှိတဲ့ တရုတ်ဆန့်ကျင်တဲ့ ပါလီမန်အမတ်အချို့အပေါ် တရုတ်ဘက်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားခဲ့တာတွေက လုံးလုံးလျားလျားကို မှန်ကန်မျှတပြီး အကျိုးသင့်အကြောင်းသင့် ဖြစ်နေခဲ့ပါတယ်၊ ဒါက တရုတ်ရဲ့ ရှင်ကျန်းနဲ့ပတ်သက်လို့ လုပ်ကြံပြောဆိုတဲ့ ကောလာဟလတွေ၊ သတင်းမှားတွေ ဖြန့်ထားခဲ့တဲ့ ဒီလူတွေအပေါ် လုပ်ဖို့လိုအပ်ခဲ့တဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်ခဲ့ပါတယ်၊ ပြီးတော့ ရှင်ကျန်းနဲ့ ဆက်စပ်ကိစ္စတွေကို ယိုးမယ်ဖွဲ့ပြီး ယူကေဘက်ကနေ တရုတ်ရဲ့ သက်ဆိုင်ရာ အရာရှိတွေနဲ့ အင်စတီကျူးရှင်းတွေအပေါ် တဖက်သတ် ပိတ်ဆို့ဒဏ်ခတ်ထားခဲ့တဲ့အပေါ် တုံ့ပြန်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်” ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

“တရုတ်ရဲ့ အဓိကအကျိုးတရားတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ပြောရရင် တရုတ်အနေနဲ့ကတော့ မှားယွင်းတဲ့ လုပ်ရပ်တွေအပေါ် အမြဲတစေ အခိုင်အမာ တုံ့ပြန်နေသလို ဘယ်တော့မှလည်း သည်းခံမှာ မဟုတ်ပါဘူး၊ ခုလို ယူကေ ပါလီမန်ရဲ့ အစိတ်အပိုင်းတစ်ခုနဲ့ပတ်သက်တဲ့ ဒီလိုမျိုး လှည့်ကွက်တွေက ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်သဘောထားကို ဘယ်တော့မှ လှုပ်ရမ်းနိုင်မှာ မဟုတ်ပါဘူး” ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

“ခုလိုမျိုး ယူကေပါလီမန် အခမ်းအနားတစ်ခုမှာ ဖိတ်ကြားခံရပြီးမှ တရုတ်သံအမတ်ကြီးကို မတက်ရောက်ခိုင်းဘဲ ပိတ်ပင်တဲ့ လက်တုံ့ပြန်တဲ့ လုပ်ရပ်တစ်ခုနဲ့အတူ ယူကေပါလီမန်ဟာ တရုတ်နဲ့ ဗြိတိန် ပြည်သူတွေရဲ့ အခြေခံ အကျိုးတရားကို အလေးမထားသလို ဖြစ်နေပြီး နိုင်ငံတကာ လုပ်ထုံးလုပ်နည်း ကျင့်ဝတ်တွေကိုလည်း လျစ်လျူရှုနေပါတယ်၊ ဒါက လုံးဝကို မှားယွင်းပြီး ပျက်စီးကိန်းကြုံမယ့် လုပ်ရပ်တစ်ခုပါပဲ၊ ဒီတော့ ခုလိုမျိုး နိုင်ငံရေးလှည့်ကွက်တွေ ကစားတာကို ရပ်ဖို့ ယူကေပါလီမန်ရဲ့ လူပုဂ္ဂိုလ်တစ်ချို့ကို ကျွန်တော်တို့ဘက်က တိုက်တွန်းချင်ပါတယ်၊ အဲလိုမှမဟုတ်ရင် သူတို့အနေနဲ့ သူတို့ကိုယ်တိုင်အတွက်ပဲ အရာကိစ္စတွေ ပိုဆိုးသွားစေရုံပဲ ရှိပါလိမ့်မယ်” ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly