စီးပွားရေးအဆင့်အတန်းတွင် တရုတ်ကို တိုးမြှင့်ပေးရေး ဖိအားပေးသည့် IMF အကြီးအကဲကို ကမ္ဘာ့ဘဏ်က ဆင့်ခေါ်

စီးပွားရေးအဆင့်အတန်းတွင် တရုတ်ကို တိုးမြှင့်ပေးရေး ဖိအားပေးသည့် IMF အကြီးအကဲကို ကမ္ဘာ့ဘဏ်က ဆင့်ခေါ်

စီးပွားရေးအဆင့်အတန်းတွင် တရုတ်နိုင်ငံအား တိုးမြှင့်ပေးရေး ဖိအားပေးခဲ့သည့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲကို သူမ ယခင်လုပ်ကိုင်ခဲ့သည့် ဌာနက စက်တင်ဘာ ၁၆ ရက်တွင် ဆင့်ခေါ်ခဲ့သည်။

ဂီယော်ဂျီဗာက ကမ္ဘာ့ဘဏ်၏ ပြင်ပဥပဒေအကျိုးဆောင်အဖွဲ့က တွေ့ရှိချက်များအပေါ် သဘောမတူကြောင်း ပြောကြားခဲ့သည်။

‘စီးပွားရေး လုပ်ကိုင်ခြင်း’ ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွင် အရေးကြီးသည့် ကျင့်ဝတ်များနှင့် သက်ဆိုင်သည့် အချက်များကို တွေ့ရှိသောကြောင့် ဖော်ပြချက်တစ်ခုလုံးကို လက်မခံရန် ဆုံးဖြတ်ခဲ့ကြောင်း ဝါရှင်တန်မြို့၌ ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် တရုတ်၏ အဆင့်သည် ၈၅ တွင် ရှိရမည်ဖြစ်သော်လည်း ၇၈ တွင် ရှိကာ ၇ ဆင့် ပိုမို နိမ့်ကျသင့်ကြောင်း ဒီဇင်ဘာလအတွင်းက ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် ပြန်လည်သုံးသပ်ချက်တွင် ဖော်ပြထားသည်။

“ စီးပွားရေး လုပ်ကိုင်ခြင်း ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် တရုတ်နိုင်ငံနှင့် ပတ်သက်သည့် ကိန်းဂဏန်း အချက်အလက်များကို ပြောင်းလဲခြင်းများသည် အဆိုပါ အစီရင်ခံစာပြုစုသည့်အဖွဲ့အပေါ်တွင် ဘဏ်၏ ခေါင်းဆောင်ပိုင်းမှ သိသာထင်ရှားသည့် ဖိအားပုံစံ ၂ မျိုးကြောင့် ဖြစ်နိုင်ကြောင်း ကမ္ဘာ့ဘဏ်က စက်တင်ဘာ ၁၆ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ဂီယော်ဂျီဗာသည် အကြံပေးတစ်ဦးနှင့်အတူ တရုတ်၏ အဆင့်ကို အပေါ်တွင်ရှိနေစေရန် ကိန်းဂဏန်းအချက်အလက်များကို ပြောင်းလဲရန် ဖိအားပေးခဲ့ကြောင်း၊ ထိုစဉ်က တရုတ်နိုင်ငံသည် ဘဏ်၏ အရင်းအနှီးတိုးမြှင့်ရေး လှုပ်ရှားမှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည့်အချိန်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသည်။

သဘောထားလုံးဝကွဲလွဲခြင်း

IMF အကြီးအကဲ ခရစ်စတင်းလာဒါဒီနေရာတွင် ဆက်ခံရန်ရွေးချယ်မခံရမီက ဂီယော်ဂျီဗာသည်သည် ကမ္ဘာ့ဘဏ်၏ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဂီယော်ဂျီဗာက “ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ကိုင်ခြင်း ၂၀၁၈ အစီရင်ခံစာမှာ ကျွန်မရဲ့ ဆောင်ရွက်ချက်ပါဝင်တာကြောင့် အခု တွေ့ရှိချက်တွေနဲ့ ပုံမှန်မဟုတ်သော အချက်အလက်များအပေါ် စုံစမ်းစစ်ဆေးမှုက ရရှိချက်တွေအပေါ် ကျွန်မအနေနဲ့ လုံးဝသဘောမတူပါဘူး။ IMF အမှုဆောင်အဖွဲ့နဲ့ ဒီကိစ္စကို ကနဦးတင်ပြမှုလည်း လုပ်ခဲ့ပါတယ်” ဟု ပြောကြားသည်။

အစီရင်ခံစာထွက်ရှိတော့မည်ဟု သတင်းမထွက်ပေါ်မီ စက်တင်ဘာ ၁၆ ရက်က ဂီယော်ဂျီဗာသည် IMF အမှုဆောင်အဖွဲအား အစည်းအဝေးတစ်ခုတွင် ရှင်းလင်းပြောကြားခဲ့သော်လည်း သူမနေဖြင့် လက်ရှိအလုပ်များကို ပုံမှန်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း အဆိုပါအကြောင်းအရာနှင့် နီးစပ်သူများက ပြောကြားသည်။

သူမအနေဖြင့် ကမ္ဘာ့ဘဏ်တွင် အလုပ်လုပ်စဉ်က အဆိုပါ ဖြစ်ရပ်များ ဖြစ်ပွားခဲ့ကြောင်း စွပ်စွဲခံထားရသော်လည်း IMF ၏ ဒါရိုက်တာများအဖွဲ့မှ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကော်မတီကို လွှဲပေးလိုက်ကြောင်း အမည်မဖော်လိုသူများက ပြောကြားသည်။ ယင်းကော်မတီတွင် IMF ၏ အမှုဆောင်ဒါရိုက်တာများခေါ် အဓိက ကိုယ်စားလှယ်များသည် ဘရာဇီး၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နှင့် အီရန်၊ မော်ရိုကိုနှင့် ပါကစ္စတန်တို့ကို ကိုယ်စားပြုသည့် အရာရှိတစ်ဦး ပါဝင်သည်။

အမေရိကန်၏ တုံ့ပြန်ချက်

IMF၊ ကမ္ဘာ့ဘဏ်တို့၏ ချိတ်ဆက်ဆောင်ရွက်ရသည့် အမေရိကန်နိုင်ငံ၏ ဘဏ္ဍာရေးဌာနက အစီရင်ခံစာကို ပြန်လည်သုံးသပ်နေကြောင်း ထုတ်ပြန်ထားသည်။ မဲခွဲဆုံးဖြတ်ရာတွင် အားသာမှု ရှိနေသောကြောင့် ကမ္ဘာ့ဘဏ်၏ ဆုံးဖြတ်ချက်များတွင် အမေရိကန်သည် များစွာ အဓိက ကျနေသည်။ IMF နှင့် ကမ္ဘာ့ဘဏ်တို့အပေါ် ပံ့ပိုးမှုများ တိုးမြှင့်ပေးနေခြင်းအပေါ် ရီပတ်ပလစ်ကင် လွှတ်တော်အမတ်အများအပြားက ကန့်ကွက်ထားသည်။ စက်တင်ဘာ ၁၆ ရက်က ထွက်ပေါ်လာသည့် သတင်းကြောင့် ရီပတ်ပလစ်ကင် ပါတီ၏ ဝေဖန်မှုများ ပြန်လည်ထွက်ပေါ်လာနိုင်သည်။

“ဒါတွေဟာ အရေးကြီးတဲ့ တွေ့ရှိချက်တွေဖြစ်ပြီး ဘဏ္ဍာရေးဌာနက အစီရင်ခံစာကို ပိုင်းခြားသုံးသပ်နေပါတယ်” ဟု အဆိုပါဌာန၏ ပြောခွင့်ရအရာရှိ အလက်ဇန်းဒါးလာမန်နာက ပြောကြားသည်။

‘စီးပွားရေး လုပ်ကိုင်ခြင်း’ အစီရင်ခံစာသည် ပေါ်ထွန်းစ ဈေးကွက်များအတွက် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေပြီး နိုင်ငံအဆင့်အတန်းမြင့်တက်လာခြင်းအပေါ် သက်ဆိုင်ရာ အစိုးရများက ထုတ်ဖော် ကြေညာ၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာအောင် လုပ်ဆောင်ကြသည်။ သို့သော် အဆင့်အတန်းသတ်မှတ်ချက်နှင့် ပတ်သက်၍ မကြာသေးမီနှစ်များအတွင်း ဆိုးရွားစွာ အငြင်းပွားဖွယ်ရာများ ဖြစ်ခဲ့သည်။ ပေါလ်ရိုမာသည် ချီလီ၏ အဆင့်အား အပြောင်းအလဲလုပ်ခြင်းအပေါ် မေးမြန်းခံရပြီး ကမ္ဘာ့ဘဏ်၏ စီးပွားရေးပညာရှင်အကြီးအကဲ တာဝန်မှ ၂၀၁၈ ခုနှစ်တွင် နုတ်ထွက်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly