ထန်တလန်မြို့လုံးကျွတ်နီးပါး မြို့မှထွက်ခွာ

ထန်တလန်မြို့လုံးကျွတ်နီးပါး မြို့မှထွက်ခွာ

ထန်တလန် ၊ စက်တင်ဘာ -၂၀

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် စက်တင်ဘာ ၁၈ ရက်က စစ်ကောင်စီ တပ်များမှ မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် နေအိမ် ၁၉လုံး မီးလောင်ပျက်စီးခဲ့ရပြီး TCBC အသင်းတော် ပါစတာ ကျုံးဗျက်ဟုမ် သေဆုံးခဲ့ပြီးနောက် မြို့‌နေပြည်သူများအားလုံးနီးပါး မြို့ကိုစွန့်ခွာ သွားကြပြီဟု သိရသည်။

''မြို့ထဲက ထွက်နေကြတာတော့ အရင်နေ့တွေထဲကထွက်သွားနေကြတာ၊ ဒီနေ့မှာတော့ အားလုံးနီးပါးထွက်သွားကြတာ ဖြစ်တယ်။ မြို့ထဲကနေ ထွက်တဲ့သူတွေကို မြို့မိမြို့ဖတွေ ၊ ဘာသာရေးအဖွဲ့အစည်းတွေကနေ ကူညီပေးနေကြတယ်။ အခုလောလောဆယ် မြို့ထဲမှာ အသက်ကြီးတဲ့ ဘိုးဘွားတွေနဲ့ နာမကျန်းဖြစ်တဲ့သူ လောက်ပဲကျန်ခဲ့မှာ''ဟု ဒေသခံတစ်ဦးက ပြောသည်။

သည့်အပြင် ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ကိုးလသားအရွယ် ကလေးတစ်ဦး၊ ၁၅နှစ်အရွယ် မိန်းကလေးတစ်ဦး၊ ၂၃နှစ် နှင့် ၅၅နှစ် အရွယ် အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း အရပ်သားပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှ ထွက်ပြေးလာသူများကိုလည်း ထန်တလန်မြို့နှင့် အနီးဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ သိန်စိုင် ကျေးရွာတွင် စစ်ဘေးရှောင်များနေရာချပေးနိုင်ရန် ရပ်ကွက်တစ်ခုတိုးချဲ့ ပေးနေကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly