လာအိုမှာ COVID-19 ကူးစက်ခံရသူ စံချိန်တင်မြင့်တက်မှုကြောင့် မြို့တော်ကို လော့ခ်ဒေါင်းချ

လာအိုမှာ COVID-19 ကူးစက်ခံရသူ စံချိန်တင်မြင့်တက်မှုကြောင့် မြို့တော်ကို လော့ခ်ဒေါင်းချ

စက်တင်ဘာ ၂၀

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ လာအိုနိုင်ငံမှာ ယခုအခါ COVID-19 ကူးစက်ခံရသူဦးရေ စံချိန်တင် မြင့်တက်မှုနဲ့ ကြုံတွေ့လာရတာကြောင့် မြို့‌တော် ဗီယန်ကျင်းကို လော့ခ်ဒေါင်းချလိုက်ပြီ ဖြစ်သလို ဗိုင်းရပ်စ်ကူးစက်မှုဒဏ် ခံနေရတဲ့ ပြည်နယ်တွေအကြား ခရီးသွားလာမှုကိုလည်း ပိတ်ပင်လိုက်ပါတယ်။

အဆိုပါ ကွန်မြူနစ်နိုင်ငံဟာ ၂၀၂၀ တုန်းက ကပ်ရောဂါရဲ့ အဆိုးရွားဆုံး အခြေအနေမျိုးတွေ မကြုံခဲ့ဘဲ လွတ်မြောက်ထားခဲ့သလို ယခုနှစ် မတ်လမှာ ကူးစက်ခံရသူအရေအတွက်ဟာ ၆၀ အောက်မှာသာ ရှိနေခဲ့ပါတယ်။

ဒါပေမယ့် ဧပြီလလယ်ကစလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက်ဟာ ပုံမှန် မြင့်တက်လာခဲ့ပြီး စက်တင်ဘာ ၁၈ ရက်မှာ ယင်းနိုင်ငံမှာ လူထုအကြား ကူးစက်မှုဖြစ်တဲ့ ကူးစက်ခံရသူသစ် ၄၆၇ ဦးအထိ တွေ့ရှိခဲ့ရာမှာ ယင်းဟာ နေ့အလိုက် စံချိန်တင် ကူးစက်သူသစ်အများဆုံး တွေ့ရှိမှုလည်း ဖြစ်ပါတယ်။

ကူးစက်မှုဖြစ်စဉ် အများအပြားကို တွေ့ရှိထားတဲ့ မြို့တော် ဗီယန်ကျင်းရဲ့ မြို့တော်ဝန်က စက်တင်ဘာ ၁၉ ရက်ကစလို့ ယင်းမြို့ကို နှစ်ပတ်ကြာ တင်းကျပ်တဲ့ လော့ခ်ဒေါင်းတစ်ရပ် ချမှတ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် မြို့ခံပြည်သူတွေကိုလည်း အစားအစာ၊ ဆေးဝါး ဝယ်တာ ဒါမှမဟုတ် ဆေးရုံသွားဖို့ လိုတာ တို့ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ နေအိမ်တွေမှာပဲ နေကြဖို့ ၎င်းက တိုက်တွန်းခဲ့ပါတယ်။

ဗိုင်းရပ်စ် ကူးစက်မှုဒဏ် ခံထားရတဲ့ အခြားပြည်နယ်ဒေသ ခုနစ်ခုအကြား ခရီးသွားလာမှုကို ပိတ်ပင်ခဲ့သလို ဗီယန်ကျင်းမြို့ထဲ ဝင်ရောက်ပါကလည်း ၁၄ ရက် ကွာရန်တင်း ဝင်ဖို့ လိုမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာသာရေး ပွဲတွေ အပါအဝင် အများပြည်သူ စုဝေးမှုအားလုံးကိုလည်း ပိတ်ပင်ထားပြီး အပြင်ထွက် လေ့ကျင့်ခန်းလုပ်တာ၊ လမ်းဘေး အစားအသောက်ရောင်းတာမျိုးတွေကိုလည်း ပိတ်ပင်ထားပါတယ်။

သီတင်းပတ်ကုန်က ဗိုင်းရပ်စ် ကူးစက်မှု ထိုးတက်ခဲ့တာက ယင်းနိုင်ငံရဲ့ အထည်ချုပ် စက်ရုံတွေမှာ အစုအဝေးပုံစံ ကူးစက်မှုအသစ်တွေနဲ့ ဆက်နွယ်ပတ်သက်နေပြီး အလုပ်သမား အများအပြားဟာ ကူးစက်မှုနှုန်းမြင့်မားတဲ့ ဒယ်လ်တာ မျိုးကွဲ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

လာအို နိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၉,၃၉၉ နဲ့ သေဆုံးသူ ၁၆ ဦးတို့ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly