ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသားများ ထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသားများ ထပ်မံဖမ်းဆီးခံရ

စက်တင်ဘာ ၂၀

နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား အလုပ်အကိုင်ရှာဖွေသူ ၄၇ ဦးနှင့် လမ်းပြ လေးဦးတို့ကို စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းတွင် ဆိုင်ယော့ခ် ခရိုင်၌ ဖမ်းဆီးခဲ့ရကြောင်း ယင်းနယ်မြေဒေသဆိုင်ရာ နယ်စပ်ကင်းလှည့် အထူးတပ်ဖွဲ့တစ်ခုဖြစ်သည့် Lat Ya Task Force ၏ တပ်မှူး ဗိုလ်မှူးကြီး ယွတ်သာနာ မီချာရွန်က ပြောသည်။

၎င်းတို့ကို တမ်ဘွန် ဘုန်တီ ရှိ ထိုင်မူအန် ကျေးရွာ၏ ဗလီတစ်ခုအရှေ့ သစ်ပင်များအကြားတွင် စစ်တပ်နှင့် ရဲ ပူးပေါင်းကင်းလှည့်အဖွဲ့တစ်ခုက မနက် ၆ နာရီခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများသည် အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၁၉ ဦးတို့ ဖြစ်သည်။ ၎င်းတို့၏ ပြောဆိုချက်အရ ၎င်းတို့ကို အမျိုးသားလမ်းပြလေးဦးက မြန်မာနိုင်ငံ ထားဝယ်နှင့် ပဲခူးမြို့ တို့ကနေ ထိုင်းနယ်စပ်သို့ ဦးဆောင် ခေါ်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ၎င်းတို့သည် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ ဆိုင်ယော့ခ် ခရိုင်ထဲ ဝင်လာခဲ့ကြပြီး ထိုင်မူအန် ရွာသို့ ရောက်ရှိကာ ယင်းနောက် ၎င်းတို့ အလုပ်အကိုင် ရရှိနိုင်ရန် မျှော်လင့်ထားသည့် နေရာများဖြစ်သော ဘန်ကောက်နှင့် နခွန်ပထုံ တို့ဆီ သွားရောက်ရန် စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့သည် ၎င်းတို့ ဦးတည်ရာ ခရီးလမ်းဆုံးနေရာများသို့ ဆိုက်ရောက်ပါက အလုပ်အကိုင်ပွဲစားများထံ တစ်ဦးလျင် ဘတ် ၁၄,၀၀၀ ကနေ ၂၅,၀၀၀ အထိ ပေးချေသွားရရန် ရှိနေခဲ့ကြသည်။

ယခုအခါ ဥပဒေဆိုင်ရာ အ‌ရေးယူမှုများ လုပ်ဆောင်ရန် အဆိုပါ မြန်မာနိုင်ငံသား အလုပ်ရှာသူ ၄၇ ဦးနှင့် လမ်းပြလေးဦးတို့ကို ဆိုင်ယော့ခ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးထားကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly