ထိုင်းအာဏာသိမ်း နှစ်ပတ်လည်မှာ ဝန်ကြီးချုပ် နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြ 

ထိုင်းအာဏာသိမ်း နှစ်ပတ်လည်မှာ ဝန်ကြီးချုပ် နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြ 
Photo - AFP

စက်တင်ဘာ ၂၀

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာကို ဖြုတ်ချပြီး ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၁၅ နှစ်ပြည့်အဖြစ် တနင်္ဂနွေနေ့မှာ ဘန်ကောက်က လမ်းတွေတစ်လျှောက် ဆန္ဒပြသူ ရာပေါင်းများစွာဟာ ကားတွေနဲ့ လှည့်လည်မောင်းနှင့် ဆန္ဒပြကြပါတယ်။ 

ကိုယ်တိုင်ပြည်ပြေးဘဝနဲ့ နေထိုင်နေသူ ဘီလျှံနာသူဌေးကြီး သက်ဆင်ဟာ ၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှာ သူ့အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကစလို့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမှာ အထင်ကရပုဂ္ဂိုလ်အဖြစ် ရှိနေဆဲပဲ ဖြစ်ပါတယ်။ 

ကတ္ထူတွေနဲ့ ပြုလုပ်တဲ့ အကြီးစား တင့်ကားပုံတူတစ်စင်းကို ကားနဲ့ ဆွဲပြီး ‘တင့်ကားတွေကို ရင်ဆိုင်မယ့် ကားများ’ ဆိုတဲ့ ဆန္ဒပြသမှုမှာ ကားဟွန်းတွေ တီးကြပြီး ၂၀၁၄ အာဏာသိမ်းမှုမှာ အာဏာရယူခဲ့တဲ့ စစ်တပ်အကြီးအကဲဟောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ နုတ်ထွက်ရေး တောင်းဆိုကြတာပါ။ 

“ဆယ့်ငါးနှစ် ကုန်လွန်ခဲ့ပြီ၊ ကျွန်တော်တို့ ဒီမှာ ဆက်လက်တိုက်ပွဲဝင်နေဆဲပဲ”လို့ သက်ဆင်နဲ့ နိုင်ငံရေးပတ်သက်မှု ရေရှည်အဆက်အဆံရှိတဲ့ နက်တာဝတ်က ကြွေးကြော်ပါတယ်။ ဖွေးဖွေးလှုပ်နေတဲ့ ထောက်ခံသူတွေကလည်း ‘ပရာယွတ်’ နုတ်ထွက်ဆိုတဲ့ အလံတွေကို ဝှေ့ယမ်းကြပါတယ်။ 

“ဒီမှာ အာဏာသိမ်းမှုတွေ ဘယ်လောက်များများပါ၊ ကျွန်တော်တို့ကို မရပ်တန့်နိုင်ပါဘူး၊ သူတို့ရဲ့ တင့်ကားတွေ စွမ်းဆောင်ရည် ဘယ်လောက်ကောင်းပါစေ၊ ပြည်သူတွေရဲ့ ဖီဆန်တွန်းလှန်တဲ့ နှလုံးသားက မရပ်တန့်နိုင်ဘူး”လို့ နက်တာဝတ်က ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ စစ်တပ်ရဲ့ အစိုးရကို အင်အားသုံး ဖြုတ်ချမှုတွေနဲ့ တစ်ခါတစ်ရံမှာ ဩဇာကြီး တော်ဝင်မိသားစုကို ကာကွယ်ဖို့လည်း နာမည်တပ်တဲ့ အာဏာသိမ်းမှုတွေအရ ၁၉၃၂ ခုနှစ်မှာ အကြွင်းမဲ့ သက်ဦးဆံပိုင်စနစ် အဆုံးသတ်ခဲ့ချိန်ကစလို့ အာဏာသိမ်းမှု တစ်ဒါဇင်ကျော်ထက်မနည်း ရှိထားတာပါ။ 

သက်ဆင်ဟာ အများပြည်သူ ကျန်းမာရေးစနစ်ကဲ့သို့ သာမန်လူထုအကျိုးမျှော် ဝါဒဖော်ဆောင်မှုတွေကြောင့် သူ့ကို လေးစားအားကိုးကြတဲ့ အလုပ်သမား လူတန်းစားအများစုပါ ‘ရှပ်နီတွေ’ ရဲ့ အားပေးထောက်ခံမှုနဲ့ ဩဇာကြီးမားလာခဲ့တာပါ။ 

ဒါပေမဲ့ ဘန်ကောက်က အထက်တန်းလွှနဲ့ အာဏာကြီးတဲ့ စစ်တပ်ရဲ့ မလိုမုန်းထားခံရပြီး အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များစွာနဲ့ ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ သက်ဆင် ဖြုတ်ချခံရပြီးနောက်ပိုင်းတောင် ညီမဖြစ်သူ ယင်လတ်က ဝန်ကြီးချုပ် ဖြစ်လာပြီး ထိုင်းနိုင်ငံရေးမှာ ဩဇာစိမ့်ဝင်နေဆဲပဲ ဖြစ်ပါတယ်။ ယင်လတ်ဟာလည်း စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်ရဲ့ ၂၀၁၄ အာဏာသိမ်းမှုမှာ ဖယ်ရှားခံခဲ့ရတာပဲ ဖြစ်ပါတယ်။ 

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့သူ ပရာယွတ်ဟာ သူ့ စစ်အစိုးရ ပြဋ္ဌာန်းတဲ့ ဖွဲ့စည်းပုံဥပဒေသစ်နဲ့ စီမံအုပ်ချုပ်နေတာပဲ ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်မှာ ထိုင်းနိုင်ငံကို တိုးတက်ကောင်းမွန်အောင် ဖော်ဆောင်ဖို့ အချိန်များစွာ ရှိခဲ့ပေမယ့် နိုင်ငံဟာ စီးပွားရေး ကပ်ဘေးသင့်နေပြီး စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးတို့လည်း ပြိုလဲနေပြီဖြစ်တယ်ဟု နက်တာဝတ်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required