ရေငုပ်သင်္ဘောကိစ္စကြောင့် ကတောက်ကဆတ် ဖြစ်ပြီးနောက် အမေရိကန်နဲ့ ပြင်သစ် ခေါင်းဆောင်တွေ ဆွေးနွေးသွားမည်

ရေငုပ်သင်္ဘောကိစ္စကြောင့် ကတောက်ကဆတ် ဖြစ်ပြီးနောက် အမေရိကန်နဲ့ ပြင်သစ် ခေါင်းဆောင်တွေ ဆွေးနွေးသွားမည်
Photo - AFP

စက်တင်ဘာ ၁၉

ရေငုပ်သင်္ဘော တည်ဆောက်မှု သဘောတူညီချက်တစ်ရပ်နဲ့ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက်နေချိန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့အကြား လာမယ့် ရက်ပိုင်းအတွင်း ဖုန်းနဲ့ ဆွေးနွေးသွားဖို့ ရှိတယ်လို့ ပြင်သစ် အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စက်တင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။

သြစတြေးလျက ပြင်သစ်နဲ့အကြား သဘောတူထားခဲ့တဲ့ ဒေါ်လာ ဘီလီယံနဲ့ချီတန်ကြေးရှိ ရေငုပ်သင်္ဘော သဘောတူညီချက်တစ်ခုကို ဖျက်သိမ်းပြီး အမေရိကန်၊ ဗြိတိန်တို့နဲ့ ပူးပေါင်းပြီး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်သွားမယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာကနေစပြီး အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျတို့နဲ့ ပြင်သစ် အကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်-သြစတြေးလျအကြား လျှို့ဝှက် ညှိနှိုင်းဆွေးနွေးမှုတွေကြောင့် ပြင်သစ်ရေငုပ်သင်္ဘောတွေအတွက် သြစတြေးလျရဲ့ အမှာစာ ဖျက်သိမ်းမှုကို ဖြစ်ပေါ်စေခဲ့တဲ့အပေါ် မပျော်မရွှင် ဖြစ်နေခဲ့တဲ့ ပြင်သစ်က ဝါရှင်တန်နဲ့ ကင်ဘာရာကနေ ယင်းရဲ့ သံအမတ်တွေကို ပြန်လည် ဆင့်ခေါ်ထားခဲ့ပါတယ်။

ခုလို သံအမတ်တွေကို ဆင့်ခေါ်တဲ့အထိ တင်းမာမှုတွေ ဖြစ်ခဲ့တဲ့နောက် ယခုကိစ္စနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ပြင်သစ် သမ္မတတွေအကြား လာမယ့်ရက်ပိုင်းမှာ ဆွေးနွေးသွားမယ့် အကြောင်း ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

‌ရေငုပ်သင်္ဘောတွေတည်ဆောက်မှုနဲ့ပတ်သက်လို့ ပြင်သစ်နဲ့ စာချုပ်ဖျက်သိမ်းပြီး အမေရိကန်နဲ့ ပြောင်းလဲ ပူးပေါင်းတဲ့ သြစတြေးလျရဲ့ လုပ်ရပ်ဟာ နောက်ကျောဓားနဲ့ထိုးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြင်သစ်က ပြောခဲ့သလို အမေရိကန်နဲ့ သြစတြေးလျဘက်က မိမိတို့အပေါ်မှာ တမင် လိမ်လည်လှည့်စားခဲ့တာဖြစ်တယ်လို့ ပြင်သစ်က စွပ်စွဲထားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly