ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေစဉ် ဖိလစ်ပိုင်ဆေးရုံတွေမှာ သူနာပြု မလုံလောက်မှုနဲ့ ရင်ဆိုင်နေရ

ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေစဉ် ဖိလစ်ပိုင်ဆေးရုံတွေမှာ သူနာပြု မလုံလောက်မှုနဲ့ ရင်ဆိုင်နေရ
Photo - AFP

စက်တင်ဘာ ၁၉

ဖိလစ်ပိုင်နိုင်ငံမှာ လက်ရှိအချိန်မှာ စံချိန်တင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတွေနဲ့ ရင်ဆိုင်နေရချိန် ဆေးရုံတွေမှာ သူနာပြုအင်အား မလုံလောက်မှု ပြဿနာနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်ကတော့ ကမ္ဘာပေါ်မှာ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းတွေကို ပြည်ပကို အများဆုံး စေလွှတ်ပို့ဆောင်တဲ့ နိုင်ငံတွေအနက် တစ်နိုင်ငံဖြစ်ပြီး လက်ရှိအချိန်မှာတော့ ယင်းရဲ့ ဆေးရုံတွေမှာ အလုပ်ဝင်လိုတဲ့ သူနာပြု ရှားပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။

မနီလာမြို့အနီး လာဂူနာပြည်နယ်ရှိ ဘီနန်မြို့က အစိုးရဆေးရုံတစ်ခုမှာတော့ ကားပါကင်နေရာတစ်ခုကို COVID လူနာအဆောင်တစ်ခုအဖြစ် ပြောင်းလဲထားပြီး လူနာတွေကို ကုသဖို့ မိုးကာတဲတွေထိုးကာ လုပ်ဆောင်လျက် ရှိပါတယ်။ သူနာပြု အများအပြားဟာလည်း ဖျားနာတာ ဒါမှမဟုတ် ကွာရန်တင်း ဝင်နေရတာတွေ ရှိနေပါတယ်။

လက်ရှိအခြေအနေတွေအရ ယင်းနိုင်ငံမှာ ခြေကုန်လက်ပန်းကျနေတဲ့ သူနာပြုတွေဟာ လူနာတွေကို အလျင်မီအောင် စောင့်ရှောက်မှု ပေးနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေရတဲ့ အခြေအနေဖြစ်ပြီး လုပ်ဖော်ကိုင်ဘက်တွေဟာလည်း COVID-19 ကူးစက်ခံရတာ ဒါမှမဟုတ် အလုပ်ကနေ နုတ်ထွက်တာတို့ ရှိနေပါတယ်။

ယင်းနိုင်ငံမှာ ဒယ်လ်တာ မျိုးကွဲကြောင့် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု စံချိန်တင် မြင့်တက်မှုနဲ့ ကြုံတွေ့နေရပြီး တစ်ချိန်တည်းမှာပဲ နိုင်ငံရဲ့ ဆေးရုံတွေမှာ သူနာပြုအင်အား ၁၀၀,၀၀၀ ကျော်လောက် လိုအပ်နေတယ်လို့ ကျန်းမာရေးဌာနက ထုတ်ဖော်ထားပါတယ်။ ခုလို လူအင်အားမလုံလောက်မှုကြောင့် ရှိတဲ့ သူနာပြုတွေဟာ တခါတရံမှာ မရေမရာလှတဲ့ ကာလတို စာချုပ်တွေနဲ့အတူ လခနည်းပါးစွာနဲ့ပဲ အလုပ်ချိန်နာရီများစွာကို လုပ်ကိုင်ပေးနေခဲ့ရပါတယ်။

“သူတို့ မောပန်းပြီး အားအင်ကုန်ခန်းနေကြပါပြီ” လို့ မနီလာမြို့ တောင်ဘက် ပုဂ္ဂလိကဆေးရုံတစ်ခုက သူနာပြုအတတ်ပညာဆိုင်ရာ ညွှန်ကြားရေးမှူး လိုဒက်စ် ဘန်နာဂါက ပြောပါတယ်။

“ကပ်ရောဂါ စဖြစ်တုန်းက ဒီ ဆေးရုံမှာ သူနာပြု ၂၀၀ နီးပါး ရှိခဲ့ပါတယ်၊ ခု စက်တင်ဘာလမှာ ၆၃ ယောက်ပဲ ရှိပါတော့တယ်” လို့ ၎င်းက ပြောခဲ့ပါတယ်။

တရားဝင်ကိန်းဂဏန်းတွေအရ ဖိလစ်ပိုင်ရဲ့ အစိုးရနဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာ အလုပ်ဝင်နေတဲ့ သူနာပြုဦးရေ ၇၅,၀၀၀ ခန့် ရှိနေတယ်လို့ သိရပြီး အကြမ်းဖျင်းအားဖြင့် နောက်ထပ် သူနာပြုအင်အား ၁၀၉,၀၀၀ လောက် ထပ်မံ လိုအပ်နေတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း နှစ်သန်းကျော် ရှိနေပြီး သေဆုံးသူ ၃၆,၀၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required