မန်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အမှုများ စွဲချက်အမိန့်ပယ်ဖျက်ရန် အပြီးသတ် လျှောက်လဲမှုလုပ်မည်

မန်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အမှုများ စွဲချက်အမိန့်ပယ်ဖျက်ရန် အပြီးသတ် လျှောက်လဲမှုလုပ်မည်

စက်တင်ဘာ ၁၉

အာဏာသိမ်းစစ်ကောင်စီဘက်က မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပေါ် စွဲဆိုထားသော အမှုနှစ်ခုအတွက် စွဲချက်တင် အမိန့်ပယ်ဖျက်ရန် အပြီးသတ်လျှောက်လဲချက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သူ၏ရှေ့နေ ဦးကျော်ညွှန့်က ပြောသည်။

ဒေါက်တာဇော်မြင့်မောင်ကို ဆူပူစေရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) နှင့် သဘာ ဝဘေးအန္တရာယ် စီမံခန့်ခွဲမှုပုဒ်မ ၂၅/၃၀ တို့ဖြင့် မန္တလေးမြို့အောင်မြေသာ စံမြို့ နယ်တရားရုံးက စွဲချက်အမိန့်ချမှတ်ထားသည်။

စွဲချက်အမိန့်နှင့်ပတ်သက်၍ ၎င်း၏ ရှေ့နေက ကျေနပ်မှုမရှိသဖြင့် စက်တင်ဘာ ၁၃ ရက်နေ့တွင် ခရိုင်တရားရုံးသို့ ရာဇဝတ်ပြင်ဆင်မှု အမှတ် ၇၇/ ၂၀၂၁နှင့် ၇၈ / ၂၀၂၁တို့ဖြင့် ပြင်ဆင်ပေးရန် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ယင်း စွဲချက်အမိန့် ပယ်ဖျက်ပေးခြင်း/မပေးခြင်းအတွက် စက်တင်ဘာ၂၀ ရက် နံနက် ၉နာရီတွင် မန္တလေးမြို့ ၆၅ လမ်း၊ ၃၄ လမ်းနှင့် ၃၅လမ်းအကြားရှိ ခရိုင် တရားရုံးတွင် အပြီးသတ် လျှောက်လဲချက်ပေး သွားရမည်ဖြစ်သည်။

“ စွဲချက်အမိန့် ပြင်ဆင်မှုကို လျှောက်ဖို့ လုပ်နေတုန်း ကိုဗစ်ရောဂါကြောင့် နှစ်လနီးပါး ရုံးတွေပိတ်ထားတော့ မလျှောက်ဖြစ်လိုက်ဘူး။ အခု သြဂုတ်လမှာ ပြန်ဖွင့်တော့ ဖွင့်ဖွင့်ချင်းပဲ လျှောက်လိုက်တာ။ လျှောက်လိုက်တဲ့ နေ့မှာပဲ လက်ခံပြီးတော့ မနက်ဖြန်ကို စွဲချက်အမိန့်နဲ့ ပတ်သက်လို့ စွဲချက်တင်သင့်/ မသင့် အပြီးသတ်လျှောက်မှာပါ။ ဒေါက်တာဇော်မြင့်မောင်တော့ ရုံးမထုတ်ဘူး။ ကျွန်တော်တို့ပဲ သွားမှာပါ”ဟု ဦးကျော်ညွှန့် က ရှင်းပြသည်။

ဒေါက်တာ ဇော်မြင့်မောင်ကို ပုဒ်မ ၅၀၅(ခ)အတွက် မန္တလေးတိုင်းဒေသကြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီခိုင်က တရားလိုပြုလုပ်တိုင်ကြားခဲ့ပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၂၅/ ၃၀ အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဒုတိယ မြို့နယ်မှူး ဦးစိုးမြင့်အောင် က အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

သွေးကင်ဆာရောဂါခံရှိသူ အသက် ၇၀ နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးအိုးဘိုထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားရာမှ သြဂုတ် ၁၂ ရက်တွင် COVID- 19 ရောဂါပိုးတွေ့ရှိသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါး ကုသမှု ခံယူခဲ့ရပြီး၊ ပြန်လည်ကောင်းမွန်လာသောကြောင့် သြဂုတ် ၂၈ ရက်တွင် အကျဉ်းထောင်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ဒုတိယဥက္ကဌလည်းဖြစ်သူ ဒေါက်တာဇော်မြင့် မောင်သည် ကင်ဆာဆေးများကိုလည်း အကျဉ်းထောင်အတွင်း ဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့် ဆေးသွင်းနေရသည်။

သူ့ကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုရန် ဆောင်ရွက်နေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေ သော်လည်း အမှုထပ်မံစွဲဆိုကြောင်း တစ်စုံတရာ မကြားရသေးဟု ၎င်း၏ ရှေ့နေ အပြောအရ သိရသည်။

ဆရာဝန်ဘွဲ့ရနိုင်ငံရေးသမားကြီးသည် ယခင်ကလည်း နိုင်ငံရေးအကျဉ်းသား အဖြစ် စုစုပေါင်း ၁၉ နှစ် အကျဉ်းထောင်ထဲများတွင် ဖြတ်သန်းခဲ့ဖူးသူဖြစ်သည်။

သူ့ကို လက်ရှိ အကြမ်းဖက်စစ်အုပ်စုက ဖေဖော်ဝါရီလကတည်းက ဖမ်းဆီး ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required