စက်တင်ဘာ ၁၉
စစ်ကောင်စီတပ်နှင့်မြို့ပြင်တိုက်ပွဲတွင် ကျဆုံးသွားသော ခရမ်းမြို့နယ်က လူငယ်နှစ်ဦး၏အလောင်းကို မိသားစုကိုအကြောင်းမကြားဘဲ စစ်ကောင်စီတပ်က သဂြိုလ်လိုက်သည်ဟု ဒေသခံများအပြောအရသိရသည်။
ရန်ကု်နတိုင်းဒေသကြီး ခရမ်းမြို့ပြင် ငရုတ်သီးမှုန့်တံတားတွင် စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နှင့် ဒေသခံပြောက်ကျားတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ရာ ပြောက်ကျားတပ်က အသက် ၂၇ နှစ်အရွယ် ကိုအောင်သူဟန်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းဘဝမှ CDM သို့ ကူးပြောင်းလာခဲ့သော ကိုပြည့်ဖြိုးအောင်တို့ကျဆုံးသွားခဲံ့သည်။ စစ်ကောင်စီတပ်ကဘက်လည်း ငါးဦးသေသည်ဟု ဒေသခံများက ပြောသည်။
သင်္ဘောသားဖြစ်သူ ကိုအောင်သူဟန်နှင့် ကိုပြည့်ဖြိုးအောင်တို့ကို ယမန်နေ့ က ခရမ်းမြို့က သင်္ဂြိုလ်စက်တွင် စစ်တပ်က သဂြိုလ်လိုက်ခြင်းဖြစ်သည်။
ထိုတိုက်ပွဲတွင် ဖမ်းဆီးခံရသည့် ကိုမင်းကိုသည် စက်တင်ဘာ ၁၇ရက်ညက သေဆုံးခဲ့ပြီဟု ခရမ်းရဲစခန်းဘက်က သတင်းလွှင့်သော်လည်း အမှန်တကယ်သေဆုံးခြင်းမရှိဘဲ အားကစားရုံတွင် ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။
"အဖမ်းခံရတဲ့တစ်ယောက်ကို ပထမက သေတယ်ဆိုပြီး သတင်းလွှင့်တယ်ဗျ။ တကယ်မသေဘဲနဲ့ ဘာလို့ အာ့လိုသတင်းလွှင့်တာလဲတော့မသိဘူး" ဟု ဒေသခံ သတင်းအရင်းအမြစ်က ပြောသည်။
အသက် ၃၈ နှစ်အရွယ် ကိုမင်းကိုမှာ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသည်။ သူနှင့်အတူ သူ၏ အကို၊ အစ်မ နှင့် တပည့်တစ်ဦးလည်း အားကစားရုံတွင် ဖမ်းဆီးခံထားရကြောင်း သိရသည်။
ခရမ်းမြို့ နေရာအနှံ့တွင် စစ်ကောင်စီတပ်များက ယမန်နေ့ နံနက်ပိုင်းက စတင်ကာ တပ်စွဲထားပြီး လမ်းသွားလမ်းလာများကို စစ်ဆေးမှုများရှိနေသည်။