စစ်ကောင်စီတပ်က ထန်တလန် ဓမ္မအမှုတော်ဆောင်ကိုပြုမှုမှုနှင့်ပတ်သက်၍ " နာကြည်းဖွယ်ရာ" ဟု ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ကန့်ကွက်ရှုတ်ချ

စစ်ကောင်စီတပ်က ထန်တလန် ဓမ္မအမှုတော်ဆောင်ကိုပြုမှုမှုနှင့်ပတ်သက်၍ " နာကြည်းဖွယ်ရာ" ဟု ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ကန့်ကွက်ရှုတ်ချ

စက်တင်ဘာ ၁၉

စစ်ကောင်စီတပ်က ထန်တလန်မြို့တွင် ဓမ္မအမှုတော်ဆောင် ပါစတာတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ပြီး ရုပ်အလောင်းမှ လက်ချောင်းကိုဖြတ်၍ လက်ထပ် လက်စွပ်ချွတ်ယူခြင်းကို ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (CBC )က "တုန်လှုပ် ခြောက်ခြား နာကြည်းဖွယ်ရာ" ဟု တုံ့ပြန်လိုက်သည်။

ယမန်နေ့က ချင်းပြည်နယ် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်က ပါစတာကျုံးဗျက်ဟုမ်းကို သေနတ်ဖြင့်ပစ်သတ်ပြီး တယ်လီဖုန်း၊ နာရီနှင့် လက်ချောင်းကိုဖြတ်၍ လက်ထပ်လက်စွပ်ယူသွားခြင်းကို ညွန်းဆိုထားသည်။

ထန်တလန်ရာပြည့်နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ ဓမ္မအမှုတော်ဆောင် သည် မီးလောင်နေသော လူနေအိမ်များ မီးငြိမ်းသတ်ရန် ဆိုင်ကယ်နှင့်အသွား အာဏာသိမ်းတပ်၏ပစ်ခတ်မှုခံခဲ့ရသည်။

''သေဆုံးသွားတဲ့ Pastor (ပါစတာ) က လမ်းဘေးပလပ်ဖောင်းပေါ်က သွေးအိုင်ထဲမှာ သေနတ်ထိပြီး သေနေတာနာရီဝက်လောက်ရှိနေတာ ဘယ်သူမှ သွားမသယ်ရဲကြဘူး။နောက်မှ အသင်းတော်က Pastor တွေက ထွက်သယ်ကြ တာ။အဲဒီမှာ ကြည့်လိုက်တော့ လက်သူကြွယ်ကိုဖြတ်ပြီး သူတို့ရဲ့ မင်္ဂလာ လက်စွပ်ကိုယူသွားတဲ့အပြင်၊နာရီ နှင့်ဖုန်းကိုလည်းယူသွားကြတယ်။ သူမှာက လက်ရှိ ကလေးနှစ်ယောက်အပြင်သူ့အမျိုးသမီးက ကိုယ်ဝန်ဆောင်ထား သေးတယ်'' ဟု ဒေသခံတစ်ဦးကပြောသည်။

ထန်တလန်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ တိုက်ပွဲ ဖြစ်ပွားရာတွင် စစ်ကောင်စီတပ်က " လက်နက်အလွန်အကျွံ အသုံးပြုပစ်ခတ်" ခြင်းကြောင့် မြို့ပေါ်လူနေအိမ်မှာ မီးလောင်ကျွမ်းခဲ့သည်ဟုလည်း ကြေညာ ချက်တွင်ဖော်ပြထားသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ထန်တလန်မြို့ ကျောင်းလမ်း ရပ်ကွက်က နေအိမ် ၁၉ လုံးမီးလောင်သွားခဲ့သည်ဟု ဒေသတွင်းမှလာသော သတင်းများအရသိရသည်။

စစ်ကောင်စီတပ်၏လုပ်ဆောင်ချက်များကြောင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခထက် ပိုရှုတ်ထွေးကာ ဘာသာရေးနှင့် လူမျိုးရေးအသွင်ဆောင်သည့် ပြည်တွင်း ပဋိပက္ခများ ဖြစ်ပေါ်လာစေနိုင်သည်ဆိုကာ ရှုတ်ချကန့်ကွက် ကြောင်းလည်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required