ကျန်ရှိနေသေးတဲ့ ထောင်ဖောက်ဝရမ်းပြေး ၂ ဦးကို အစ္စရေး ပြန်ဖမ်းမိ

ကျန်ရှိနေသေးတဲ့ ထောင်ဖောက်ဝရမ်းပြေး ၂ ဦးကို အစ္စရေး ပြန်ဖမ်းမိ

စက်တင်ဘာ ၁၉

အစ္စရေးနိုင်ငံမှာ ယခုလအစောပိုင်းက ရုပ်ရှင်ဆန်ဆန် ထောင်ဖောက်ထွက်ပြေးမှုဖြစ်စဉ်တစ်ခုမှာ ပါဝင်ခဲ့တဲ့ နောက်ဆုံးကျန်ရှိနေတဲ့ ပါလက်စတိုင်း ဝရမ်းပြေးနှစ်ဦးကို ယခုအခါ အစ္စရေးစစ်တပ်က ပြန်လည် ဖမ်းမိခဲ့ပြီ ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အကျဉ်းထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ပါလက်စတိုင်း ခြောက်ဦးအနက် လေးဦးကို အစောပိုင်းကတည်းက အစ္စရေးတာဝန်ရှိသူတွေ ပြန်ဖမ်းမိထားခဲ့တာ ဖြစ်ပြီး ယခုအခါ ကျန်နေတဲ့ အကျဉ်းသား နှစ်ဦးကိုပါ ထပ်မံ ပြန်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလ အစောပိုင်းက အဆိုပါ ပါလက်စတိုင်းအကျဉ်းသား ခြောက်ဦးဟာ အစ္စရေး မြောက်ပိုင်းရှိ ဂီလ်ဘိုအာ အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့ကြတာ ဖြစ်ပြီး ၎င်းတို့ဟာ အကျဉ်းခန်းတစ်ခုအတွင်း ဇွန်းတစ်ချောင်း အပါအဝင် ကိရိယာပစ္စည်းတချို့ သုံးပြီး လက်ဆေးကန်တစ်ခုအောက်မှာ လိုဏ်ခေါင်းတူးပြီး လွတ်မြောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ယင်းနောက် အစ္စရေး အာဏာပိုင်တွေဟာ ထောင်ဖောက်ပြေးသူတွေကို ပိုက်စိတ်တိုက် ရှာခဲ့ကြပြီး ဒရုန်းတွေ ဖြန့်ကျက်တာ၊ လမ်း စစ်ဆေးရေးဂိတ်တွေ ထားရှိတာနဲ့ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းမှာ တပ်သားတွေ စေလွှတ်တာတို့ကို လုပ်ခဲ့ပါတယ်။

အကျဉ်းသား ခြောက်ဦးအနက် လေးဦးကို ပြန်မိထားခဲ့ပြီးနောက် ယခုအခါ ကျန်နေတဲ့ အကျဉ်းသားနှစ်ဦး ရှိရာ နေရာကို တိကျတဲ့ သတင်းပေးမှုတစ်ခုကြောင့် အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက် ပိတ်ဆို့ပြီး ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် အိုင်ဟမ် ကာမမ်ဂျီ နဲ့ ၂၆ နှစ်ရှိ မူနာဒယ် အင်ဖိုင်အက် တို့ဟာ လက်နက်ကိုင် ပါလက်စတိုင်း အစ္စလမ္မစ် လှုပ်ရှားမှုအဖွဲ့တစ်ခု ဖြစ်တဲ့ အစ္စလမ္မစ် ဂျီဟတ်ရဲ့ အဖွဲ့သားတွေ ဖြစ်ကြပါတယ်။

၎င်းတို့ကိုတော့ အနောက်ဘက်ကမ်းရှိ ဂျီနင်မြို့မှာ အကြမ်းဖက်မှုနှိမ်နင်းရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းစစ်ဆင်ရေးတစ်ခုမှာ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း သတင်းမီဒီယာတွေကို ထုတ်ပြန်ထားခဲ့ပြီး လက်ရှိမှာ ၎င်းတို့ကို စစ်မေးမှုတွေ လုပ်နေတယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။

ဂျီနင်အနီး ကာဖ် ဒန်က ဖြစ်တဲ့ ကာမမ်ဂျီကတော့ ၂၀၀၆ ခုနှစ်က ဖမ်းဆီးခံရပြီး လူငယ်အစ္စရေးအခြေချနေထိုင်သူတစ်ဦးဖြစ်တဲ့ အီလီယာဟူ အက်ရှာရီကို ပြန်ပေးဆွဲ၊ သတ်ဖြတ်မှုအတွက် ထောင်ဒဏ် တစ်သက် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။

ကမ်မာဂျီဟာ ဝမ်းဗိုက်နဲ့ အူလမ်းကြောင်းဆိုင်ရာ ဝေဒနာတစ်ခု ခံစားနေရပြီး ထောင်အာဏာပိုင်တွေဘက်က ၎င်းရဲ့ ဆေးကုသမှုခံယူမှုပိုင်းနဲ့ပတ်သက်လို့ လျစ်လျူရှုမှုတွေ ရှိထားခဲ့တယ်လို့ အစ္စလမ္မစ် ဂျီဟတ်အဖွဲ့က ပြောပါတယ်။

ယမန်နှစ်က အဖမ်းခံခဲ့ရတဲ့ အင်ဖိုင်အက်ကတော့ လက်နက်ကိုင်အုပ်စုမှာ ၎င်းရဲ့ ပတ်သက်မှုအခန်းကဏ္ဍအတွက် ယခင်ကလည်း အကြိမ်များစွာ ထောင်ချခံထားခဲ့ရသူဖြစ်ပြီး ယခုတစ်ကြိမ် ထောင်ဖောက်ပြေးစဉ် အချိန်က ပြစ်ဒဏ်ချမှတ်ခံရဖို့စောင့်ဆိုင်းနေခဲ့သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ပြန်ဖမ်းမိထားတဲ့ အခြားအမျိုးသားလေးဦးထဲမှာ ယခုထောင်ဖောက်မှုကို အဓိက ဦးစီးသူဖြစ်တယ်လို့ ဆိုတဲ့ မိုဟာမက် အဗ္ဘဒူလာ အာဒါ နဲ့ ဖာတက်ရှ် လှုပ်ရှားမှုရဲ့ စစ်သွေးကြွခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဇာကီရီယာ ဇူဘိုင်ဒီလည်း ပါဝင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly