ကိုရီးယားရောက် မြန်မာအဖွဲ့အစည်း ၂၆ ခု စုပေါင်းကာ NUG Support Team Korea ကို ဖွဲ့စည်း

By ပါခွီး
18 September 2021
ကိုရီးယားရောက် မြန်မာအဖွဲ့အစည်း ၂၆ ခု စုပေါင်းကာ NUG Support Team Korea ကို ဖွဲ့စည်း

စက်တင်ဘာ ၁၈

တောင်ကိုရီးယားနိုင်ငံအခြေစိုက် မြန်မာအဖွဲ့အစည်းများ၏ အကြံဉာဏ်နှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိရန်အတွက် NUG Support Team Korea ကို ဖွဲ့စည်းလိုက်‌ကြောင်း မြန်မာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်သည်။

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ယမန်နေ့ စက်တင်ဘာ ၁၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများတွင် အဓိက ကျသည့် ကိုးရီးယားအခြေစိုက် မြန်မာအဖွဲ့အစည်းများ၏ အကြံဉာဏ် နှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိနိုင်စေရန် "NUG Support Team Korea" ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ၎င်းကြေညာချက်တွင်ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ( NUG)သည် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ ကိုယ်စားလှယ်အဖြစ် ဦးရန်နိုင်ထွန်းကို ခန့်အပ်ကြောင်း ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်တွင် ကြေညာထားသည်။

အဆိုပါ အထောက်အကူပြုအဖွဲ့တွင် တောင်ကိုရီးယားနိုင်ငံအခြေစိုက် မြန်မာအဖွဲ့အစည်း ၂၆ ခုပါဝင်ပြီး အဖွဲ့ဝင် အသင်းအဖွဲ့များကို လိုအပ်သလိုထပ်မံ တိုးချဲ့ဖွဲ့စည်းသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

National League for Democracy Organizing Committee(International/Korea) , Junta Denouncing Committee(Korea), Myanmar Worker Welfare Center(Korea) စသည့်အဖွဲ့များဖြင့် "NUG Support Team Korea"ကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly