Quad ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ အိန္ဒိယဝန်ကြီးချုပ်က အမေရိကန်၊ သြစတြေးလျ၊ ဂျပန်တို့နှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်

Quad ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ အိန္ဒိယဝန်ကြီးချုပ်က အမေရိကန်၊ သြစတြေးလျ၊ ဂျပန်တို့နှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် စက်တင်ဘာ ၂၄ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်အကြား အစည်းအဝေးများကို ပြုလုပ်သွားမည်ဟု ခန့်မှန်းရသည်။ ယင်းနောက်တွင်လည်း အိမ်ဖြူတော်တွင် Quad အုပ်စု (အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယတို့ ပါဝင်သည့် တရုတ်ဆန့်ကျင်ရေး လေးနိုင်ငံအုပ်စု) ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပသွားရန် ရှိနေပြီး ယင်းတွင် အာဖဂန်နစ္စတန်၊ အင်ဒို-ပစိဖိတ်၊ ကိုရိုနာဗိုင်းရပ်စ်နှင့် ရာသီဥတု ပြောင်းလဲမှု စသည်တို့ကို အလေးထား ဆွေးနွေးသွားကြမည် ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် စက်တင်ဘာ ၂၃ ရက်တွင်လည်း ပြည့်စုံကျယ်ပြန့်သည့် မဟာဗျူဟာကျ ပါတနာများဖြစ်သည့် ဂျပန်၊ သြစတြေးလျတို့နှင့်အကြား သီးခြား အစည်းအဝေးများကို ဦးစွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝါရှင်တန်နှင့် နယူးဒေလီ အခြေစိုက် အရာရှိများက ပြောဆိုသည်။

ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂါ၊ သြစတြေးလျ ဝန်ကြီးချုပ် စကော့တ် မော်ရစ်ဆင် တို့နှင့်အတူ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် တံခါးဖွင့်ထားပြီး၊ လွတ်လပ်သော၊ ကြီးပွားချမ်းသာသော၊ စည်းမျဥ်း အခြေပြုသော အင်ဒို-ပစိဖိတ် ဒေသတစ်ခုနှင့်ပတ်သက်ပြီး တူညီသော အမြင်ရှိ ရည်မှန်းချက်တစ်ခုကို ရှေ့တိုးတက်လှမ်းမည် ဖြစ်သည်။ အိန္ဒိယသည် အင်ဒို-ပစိဖိတ် ဒေသတွင် လုပ်ဆောင်ချက်အစီအစဥ် အမျိုးမျိုးကနေတဆင့် ယင်း၏ ချိတ်ဆက်ပတ်သက်မှုများကို မြှင့်တင်လုပ်ဆောင်နေသည်။

အိန္ဒိယသည် Quad ပါတနာ သုံးနိုင်ငံစလုံးနှင့်အကြား (၂ အပေါင်း ၂ ) အပြန်အလှန် ဆွေးနွေးမှုတစ်ခု ရှိနေပြီး ပထမဆုံးသော အိန္ဒိယ-သြစတြေးလျ အပြန်အလှန် ဆွေးနွေးပွဲကို စက်တင်ဘာ ၁၁ ရက်က နယူးဒေလီတွင် ကျင်းပခဲ့သည်။

စက်တင်ဘာ ၂၄ ရက်တွင် ဝန်ကြီးချုပ် မိုဒီသည် အမေရိကန် ဒုသမ္မတ ကာမလာ ဟားရစ်နှင့် တွေ့ဆုံဆွေးနွေးမှုကို ဦးစွာ ပြုလုပ်မည်ဖြစ်ပြီး ယင်းနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နှင့် ဆွေးနွေးမည် ဖြစ်သည်။ ယင်းနောက်တွင် မျှော်လင့်စောင့်ဆိုင်းနေသည့် Quad ထိပ်သီးအစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ချိတ်ဆက်ပတ်သက်ဆွေးနွေးမှုအားလုံးကို အိမ်ဖြူတော်တွင် ကျင်းပမည်ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီအနေဖြင့် Quad ပါတနာ သုံးနိုင်ငံစလုံးနှင့်အကြား နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ လုပ်ဆောင်ရန် ရှိနေသလို အခြား ခေါင်းဆောင်များသည်လည်း Quad ထိပ်သီး အစည်းအဝေးအတွက် တစ်နေရာတည်း၌ ဆုံတွေ့မှု မတိုင်မီ နှစ်နိုင်ငံ၊ နှစ်ဦးနှစ်ဖက် တွေ့ဆုံမှုများ ပြုလုပ်သွားဖွယ် ရှိသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာသည်လည်း ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရန်နှင့် Quad အစည်းအဝေးအတွက် အခြေခံအလုပ်ကို ပြင်ဆင်ရန်အတွက် စက်တင်ဘာ ၂၀ ရက်ညနေခင်းတွင် အမေရိကန်သို့ သွားရောက်မည်ဖြစ်သည်။ သို့သော် Quad အုပ်စု နိုင်ငံခြားရေးဝန်ကြီးများအကြား ဆွေးနွေးမည့် အစည်းအဝေးများ စီစဥ်ထားခြင်း မရှိပေ။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီအနေဖြင့် ဒီမိုကရက်တစ် ကမ္ဘာ၏ ခေါင်းဆောင်သုံးဦးစလုံးနှင့်အကြား ကာကွယ်ရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးပိုင်းတွင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို နက်ရှိုင်းစေရေး လုပ်ဆောင်သွားမည် ဖြစ်သလို Quad ထိပ်သီးအစည်းအဝေးတွင်လည်း တာလီဘန်တို့ အုပ်ချုပ်နေပြီဖြစ်သည့် အာဖဂန်နစ္စတန် အရေး ဆွေးနွေးသွားရန် ရှိနေသည်။

ဒိုဟာ လုပ်ငန်းစဥ်အတွင်း အားလုံးပါဝင်သော အာဖဂန်အစိုးရတစ်ရပ် ဖွဲ့စည်းမည် ဆိုပြီး အမေရိကန်ထံ တာလီဘန်တို့ ကတိပေးခဲ့သော်ငြား ယခု ဖွဲ့စည်းထားသော တာလီဘန် အစိုးရတွင် အကြမ်းဖက်သမားများအဖြစ် ကုလ၏ သတ်မှတ်ခြင်းကို ခံထားရသူများ၊ ဆွန်နီ ပက်ရှ်တွန် အစ္စလမ္မစ်အုပ်စုကို သစ္စာရှိစွာ ထောက်ခံသူများဖြင့်သာ ဖွဲ့စည်းထားခဲ့ပြီး အမျိုးသမီး သို့မဟုတ် လူနည်းစုအဖွဲ့ဝင်များကို နေရာပေးထားခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly