အိန္ဒိယ ဒီမိုကရေစီက ရွေးချယ်မှုတစ်ခု မဟုတ်ဘဲ နေမှုထိုင်မှုပုံစံဖြစ်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပြော

အိန္ဒိယ ဒီမိုကရေစီက ရွေးချယ်မှုတစ်ခု မဟုတ်ဘဲ နေမှုထိုင်မှုပုံစံဖြစ်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပြော

အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီသည် ၁၉၄၇ ခုနှစ်က လုပ်ဆောင်ခဲ့သည့် ရွေးချယ်မှုတစ်ခုသက်သက် မဟုတ်ဘဲ ယင်းက နေမှုထိုင်မှုပုံစံတစ်ခု ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယ ယဥ်‌ကျေးမှု ဆက်ဆံရေး ကောင်စီ (ICCR) က ပြုလုပ်ခဲ့သည့် “လွတ်လပ်သော အိန္ဒိယ @ ၇၅ : ဒီမိုကရက်တစ် ထုံးတမ်းအစဥ်အလာများ” ဆိုသည့် နိုင်ငံတကာ အွန်လိုင်းဟောပြောပွဲတစ်ခု၌ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့နှင့်ပတ်သက်၍ ပြောကြားရာတွင် ဂျိုင်ရှန်ကာက “အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ကမ္ဘာ့အကြီးဆုံးနဲ့ လှုပ်ရှားအတက်ကြွဆုံး ဒီမိုကရေစီနိုင်ငံမှာ အထူးတလည် စိတ်အားထက်သန်မှုနှင့်အတူ ကျင်းပတာက သင့်လျော်မှု ရှိပါတယ်၊ တကယ်တော့ အိန္ဒိယအတွက်ကတော့ ဒီမိုကရေစီဟာ ၁၉၄၇ ခုနှစ်မှာ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ ရွေးချယ်မှုတစ်ခု သက်သက် မဟုတ်ခဲ့ပါဘူး၊ အဲဒီမတိုင်ခင်ကတည်းက ကောင်း‌ကောင်း ရှိနေခဲ့တဲ့ နေမှုထိုင်မှုပုံစံတစ်ခုပါပဲ၊ ကျွန်တော်တို့ရဲ့ သမိုင်းဝင် ထူးခြားတဲ့ လက္ခဏာတွေ ဖြစ်ခဲ့တဲ့ မူမတူ ယှဥ်တွဲနေထိုင်မှုနဲ့ နှိုင်းယှဥ်နိုင်တာဆိုလို့ လူ့အဖွဲ့အစည်း အနည်းအကျဥ်းပဲ ရှိပါတယ်” ဟု ပြောခဲ့သည်။

အိန္ဒိယတွင် ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းသော ကိုယ်စားပြု အစိုးရနှင့်ပတ်သက်ပြီး ရှည်လျားသော ထုံးစံ အစဥ်အလာတစ်ခု ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂,၅၀၀ ခန့်အကြာက Lichchhavi သမ္မတနိုင်ငံများသည် တိုင်ပင်ညှိနှိုင်းပြီး ဒီမိုကရက်တစ် လုပ်ငန်းစဥ်နှင့် အုပ်ချုပ်မှုပုံစံတစ်ခုကို ဖော်ဆောင်ထားခဲ့သည်။ အလားတူ ဒေသဆိုင်ရာ ကြီးမားသော စည်းဝေးမှု အမျိုးအစားတစ်ခုအတွက် ကိုယ်စားလှယ်များဖြင့် ကျေးရွာကောင်စီများ စုဝေးမှုကလည်း ၁၀ ရာစု Chola ကာလတွင် အခြေခိုင်နေသော ထုံးစံတစ်ခု ဖြစ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းနှင့်ပတ်သက်၍ “ဆန္ဒမဲ ပုံစံတွေနဲ့ ကိုယ်စားပြု အစိုးရ ပုံစံတွေက အိန္ဒိယမှာ ထုံးတမ်း ကာလကြာ အစဥ်အလာတစ်ခု ရှိပါတယ်၊ တကယ်တမ်းမှာလည်း အမျိုးစုံ ပါဝင်တဲ့ လူ့အသိုက်အဝန်းကို အခြေပြုပြီး အခွင့်အရေးတွေနဲ့ တာဝန်ဝတ္တရားတွေကို ကျင့်သုံးတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လုပ်ဆောင်တာတို့က ဒေသအများအပြားမှာ ရှိနေခဲ့ပါတယ်၊ သူတို့ဟာ ပွင့်လင်းမြင်သာမှု၊ ထွေပြားကွဲပြားမှုနဲ့ မူမတူ ယှဥ်တွဲနေထိုင်မှု တို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရှိရင်းစွဲ အရည်အချင်းတွေကို ပြောပြနေပါတယ်” ဟု ဂျိုင်ရှန်ကာက ပြောပါတယ်။

ထို့ပြင် ၎င်းက အိန္ဒိယ၏ ရွေးကောက်ပွဲ လုပ်ငန်းစဥ်နှင့်ပတ်သက်၍လည်း အလေးပေး ပြောသည်။ ငါးနှစ်တိုင်းဆိုသလို အိန္ဒိယရှိ အထွေထွေ ရွေးကောက်ပွဲတစ်ခုက ကမ္ဘာပေါ်ရှိ အကြီးဆုံးသော ယင်းကဲ့သို့ ပွဲတစ်ခုအတွက် စံချိန်မှတ်တမ်းသစ်တစ်ခုကို ချမှတ်ပေးသည်။

“ရွေးကောက်ပွဲဆိုင်ရာ ဒီမိုကရေစီပိုင်းမှာ မျက်မှောက်ခေတ် အိန္ဒိယရဲ့ ဂုဏ်ယူနိုင်မှု သဘောတရားက သိသာထင်ရှားပါတယ်၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ စနစ်တွေရဲ့ အများယုံကြည်လက်ခံနိုင်မှုနဲ့ တက်ကြွမှုတို့ကို အဲဒီလို ကျင့်သုံးလုပ်ဆောင်မှုတွေကို ကျွမ်းကျင်မှုမရှိဘဲ လုပ်ထားသူတွေနဲ့၊ ဒါတွေကို ဆန့်ကျင်ထားသူတွေနဲ့ ယှဥ်ကြည့်ပါတယ်၊ လူမှုဆိုင်ရာနဲ့ စီးပွားရေးအရ ချို့ငဲ့မှု ရှိထားတဲ့ မဲဆန္ဒရှင်တွေအကြားမှာတောင်မှ လူတစ်ဦးတစ်ယောက်စီက ပေးတဲ့ ဆန္ဒမဲရဲ့ စွမ်းအားအပေါ် သိရှိမှုက ဒီ အထူးအခွင့်အရေး ဘယ်လိုမျိုး တန်ဖိုးရှိပြီး ကြိုးစားပမ်းစားရထားတဲ့ အရာအဖြစ် ဆက်ရှိနေတာလဲ ဆိုတာရဲ့ ဖော်ပြမှုတစ်ခု ဖြစ်ပါတယ်” ဟု ဂျိုင်ရှန်ကာက ပြောခဲ့သည်။

အလားတူ ၎င်းက ဒီမိုကရေစီနိုင်ငံ၏ အရည်အသွေးနှင့် အကျင့်သိက္ခာပိုင်းနှင့်ပတ်သက်၍လည်း သတိပေးခဲ့ကာ ယင်းသည် ကိန်းဂဏန်းများကို ကျော်လွန်၍ တည်ရှိနေသည်ဟု ဆိုသည်။ “ယင်းရဲ့ ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်တွေအပေါ်မှာ လူ့အဖွဲ့အစည်းရဲ့ သစ္စာစောင့်သိတဲ့ ထင်ဟပ်မှုက ဘယ်လိုဒီမိုကရေစီနိုင်ငံကိုမဆို စစ်မှန်တဲ့ စွမ်းအားတစ်ခု ပေးပါတယ်၊ ပြီးတော့ ဒါက ယနေ့ အိန္ဒိယမှာ ကျွန်တော်တို့ တွေ့မြင်ရတဲ့ အရာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly