ရေစကြိုမြို့ အဝင်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးမနည်း သေဆုံး

ရေစကြိုမြို့ အဝင်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးမနည်း သေဆုံး
ဓာတ်ပုံ- (အဟောင်း)

စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့အဝင်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ရေစကြို PDF ထံက သိရသည်။

ရေစကြိုမြို့အဝင်တွင် ဆိုင်ကယ်များ၊ ကားများဖြင့် လှည့်ပတ်နေသည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့ စက်တင်ဘာ ၁၇ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် ရေစကြိုဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) က မိုင်းနှစ်လုံးဆွဲ တိုက်ခိုက်ခြင်း ဖြစ်သည်။

ရေစကြိုဒေသကာကွယ်ရေး(PDF) ပြောခွင့်ရသူတစ်ဦးက “ဆိုင်ကယ် ရှစ်စီး ကားနှစ်စီးနဲ့ ပတ်တုန်း မိုင်းမိတာ။ ဆိုင်ကယ်ပေါ်က လူတွေထိသွားတာ” ဟု မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများ ရှိခဲ့သော်လည်း ဒေသကာကွယ်ရေး( PDF) တပ်ဖွဲ့ဝင်များဘက်က ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

ယင်းအပြင် ရေစကြိုမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်ကလည်း ပခုက္ကူဘက်မှ တက်လာသော စစ်ကောင်ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ် ရေစကြို( PDF) တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly