အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယားရှိ သဘာဝသစ်တောဧရိယာများ၌ ပေါ်လီသင်းပလတ်စတစ် ကင်းစင်စေရန် သစ်တောဌာန လုပ်ဆောင်

By Indiablooms
18 September 2021
အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယားရှိ သဘာဝသစ်တောဧရိယာများ၌ ပေါ်လီသင်းပလတ်စတစ် ကင်းစင်စေရန် သစ်တောဌာန လုပ်ဆောင်

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေရှိ မြို့ပြ‌ဒေသတွင်း သဘာဝသစ်တောဧရိယာများ၌ ပေါ်လီသင်း ပလတ်စတစ် ကင်းစင်စေရေး မစ်ရှင်တစ်ခု လုပ်ဆောင်ရန် ဂျမူးနှင့် ကက်ရှ်မီးယား သစ်တောဦးစီးဌာနက စီစဥ်နေသည်။

ယင်း မစ်ရှင်ကို စတင်ရန် သစ်တောဌာနအနေဖြင့် ယင်း၏ အရာရှိ၊ အရာထမ်းများကို ရုံး အဆောက်အအုံ ဥပစာများနှင့် အစွန်းအဖျားပိုင်း သစ်တော ဧရိယာအတွင်း ပေါ်လီသင်း အသုံးပြုခြင်းကနေ ရှောင်ကြဥ်ကြရန် ပန်ကြားပြောဆိုထားသည်။ ပေါ်လီသင်း အသုံးပြုမှုကြောင့် ဂေဟစနစ်နှင့် တောရိုင်းတိရစ္ဆာန်များအပေါ် သက်ရောက်သည့် အကြီးအကျယ် ထိခိုက်စေသော သက်ရောက်မှုကို အ‌ကြောင်းပြု၍ ယခုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သစ်တောဦးစီးဌာနအနေဖြင့် “ဂျမူးနှင့် ကက်ရှ်မီးယား၏ သစ်တောများတွင် ပေါ်လီသင်း ကင်းစင်စေရန်” ဆန္ဒရှိကြောင်း သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ တွဲဖက်အကြီးအကဲအရာရှိ အက်စ် ကေ ဆင်ဟာက ကြော်ငြာစာတစ်ခုတွင် ပြောထားခဲ့သည်။

“ဂျမူးနှင့် ကက်ရှ်မီးယား သစ်တောဌာနရဲ့ အရာရှိ၊ အရာထမ်းအားလုံးအနေနဲ့ ရုံး အဆောက်အအုံ ဥပစာတွေအတွင်းနဲ့ အစွန်းအဖျားပိုင်း သစ်တော ဧရိယာအတွင်း ပေါ်လီသင်း အသုံးပြုမှုကနေ ရှောင်ကြဥ်ကြဖို့နဲ့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပေါ်လီသင်း ပလတ်စတစ် အမှိုက် လုံးဝ ကင်းစင်စေအောင် ထိန်းသိမ်းရမယ်ဆိုတာကို စွဲစွဲမြဲမြဲ မှတ်ထားရမှာ ဖြစ်ပါတယ်” ဟု ထို ကြော်ငြာစာတွင် ရေးထားသည်။

ယင်းနှင့် ဆက်စပ်ပြီး သစ်တောဌာနအနေဖြင့် ၂၀၂၁ စက်တင်ဘာ ၁၆ ရက် ‘အိုဇုန်းလွှာထိန်းသိမ်းရေးနေ့’ တွင် ပေါ်လီသင်း ကင်းစင်သည့် သစ်တော ဖြစ်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတစ်ခု စတင်လုပ်ဆောင်ရန် စီစဥ်လျက် ရှိသည်။

ညွှန်ကြားချက်များကို ထိထိရောက်ရောက် လိုက်နာလုပ်ဆောင်ခြင်း ရှိမရှိ စောင့်ကြည့်ရန်လည်း သက်ဆိုင်ရာ အရာရှိများကို ညွှန်ကြားထားကြောင်း အရာရှိတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရဲ့ နေ့စဥ် ဘဝတွေမှာ ပေါ်လီသင်းနဲ့ ပေါ်လီသင်း ပလတ်စတစ် အမှိုက်တွေဟာ မျက်မှောက်ခေတ် နေထိုင်မှုအတွက် ဘေးသင့်ပျက်စီးစေတဲ့ အကြောင်းခံတစ်ခု ဖြစ်လာခဲ့သလို အဲဒါတွေ အသုံးပြုတာက သဘာဝပတ်ဝန်းကျင်အပေါ် ခြိမ်းခြောက်မှုတွေကိုလည်း ဖြစ်ပေါ်စေပါတယ်၊ ပြီးနောက် လေထု နဲ့ ရေထု ညစ်ညမ်းမှုလိုမျိုး ကြီးမားလှတဲ့ ပြဿနာတွေကိုလည်း ဦးတည်စေပါတယ်၊ ပေါ်လီသင်းဟာ တောရိုင်းတိရစ္ဆာန်တွေ အပါအဝင် သစ်တော ဂေဟစနစ်တွေအပေါ် ထိခိုက်စေတဲ့ သက်ရောက်မှုတွေ ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ရုံး အဆောက်အအုံ တည်နေရာများနှင့် အခြား အဆောက်အအုံ ဧရိယာများအတွင်း ပေါ်လီသင်း ကင်းစင်စေရန် အားထုတ်မှုများ လုပ်ဆောင်နေခဲ့ပြီး တစ်ချိန်တည်းမှာပဲ ယင်းက မိမိတို့၏ စနစ်ထဲတွင် အရိုးစွဲ အမြစ်တွယ်နေသေးသည့် အခြေအနေ မဟုတ်တော့ဟု ထို အရာရှိက ပြောခဲ့သည်။

“အဆောက်အအုံတွေ အပါအဝင် ဂျမူးနဲ့ ကက်ရှ်မီးယားရဲ့ သစ်တောဧရိယာအားလုံးမှာ ပေါ်လီသင်း ပလတ်စတစ် ကင်းစင်စေရေးအတွက် ပြည်‌ထောင်စုနယ်မြေ လယ်ဗယ် လှုံ့ဆော်လှုပ်ရှားမှုတစ်ခု စတင်ဖို့ ကျွန်တော်တို့ စဥ်းစားနေပါတယ်” ဟု ၎င်းက ကြော်ငြာစာကို ကိုးကားပြီး ပြောသည်။

“တရားရုံးက ယခု နောက်ဆုံးထုတ်ခဲ့တဲ့ ညွှန်ကြားချက်တွေနောက်ပိုင်း အစိုးရနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေး ကော်မတီ၊ ဂျမူးနဲ့ ကက်ရှ်မီးယား သစ်တောဌာနတို့အနေနဲ့ (ပျိုးပင် ပျိုးထောင်မှုအတွက် ပလတ်စတစ်အိတ်တွေ သုံးတာကလွဲလို့) သစ်တော ဧရိယာမှာ ပေါ်လီသင်း အသုံးပြုမှု ပိတ်ပင်ဖို့၊ သစ်တောတွေ၊ အဆောက်အအုံတွေမှာ ရှိရင်းစွဲ ပေါ်လီသင်း အမှိုက်တွေ ရှင်းလင်းဖို့ လှုံ့ဆော်လှုပ်ရှားမှုတစ်ခု လုပ်ဖို့ စီစဥ်ထားပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly